ကြယ်ပြာ
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲနှင့် လူထုဆန္ဒ လတ်မှတ်ရေးထိုး ကောက်ယူ ခြင်းကို ဇွန်လ ၁ဝရက်၌ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြုလုပ်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (စစ်ကိုင်းတိုင်း) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမှတ်ကြီးက မဇ္ဈိမကိုပြောသည်။
မုံရွာ-ကျောက်ကာ ကားလမ်း၊ မြဝတီရပ်ရှိ မဟာကံဦး ဘုန်းတော်ကြီးကျောင်းရှေ့တွင် နံနက်၈နာရီခွဲမှ စတင်၍ ဟောပြောခြင်းနှင့် လက်မှတ်ကောက်ယူခြင်းကို ပူးတွဲပြုလုပ်သွားမည်ဖြစ်ကာ မြို့နယ်ရုံးထံမှ ခွင့်ပြုချက် တောင်းခံထားခြင်းမရှိပေ။
"၈၈အဖွဲ့က ဦးကိုကိုကြီးနဲ့အတူ NLDက လူအချို့ဟောပြောမှာပါ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ မလာနိုင်ပါဘူး" ဟု ကိုမှတ်ကြီးက ဆိုသည်။
အဆိုပါ ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် တစ်ပြည်လုံးအတိုင်းအတာ လတ်မှတ်ရေးထိုး ကောက်ယူခြင်းကို မေလ ၂၇ရက်က နေပြည်တော်ကောင်စီ မြို့နယ်ငါးမြို့နယ်ရှိ NLD ပါတီရုံးများတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လတ်မှတ်ရေးထိုးခြင်းဖြင့် စတင်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ပြည်ပနိုင်ငံများတွင် နေထိုင်သူများအတွက်လည်း မေလ ၂၂ရက်မှ စ၍ အင်တာနက်မှ တဆင့် လတ်မှတ်များကို ကောက်ယူထားခဲ့သည်။ ရန်ကုန်မြို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း လက်မှတ်များ စုဆောင်းနေပြီးဖြစ်ကာ စာနယ်ဇင်းသမားများအပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်းမှ လူများ၊ ပြည်သူများလည်း လတ်မှတ်ရေးထိုးနေကြသည်။
မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပထမဆုံး အကြိမ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်။
No comments:
Post a Comment