Wednesday, June 25, 2014

ဒေသခံများမှ အထိုင်ဆေးခန်း တည်ဆောက်ပေးရန် တောင်းဆိုလာ

ရှားမြာ၊ ဦးမြာ

KNPP နှင့်အစိုးရ ပစ်ခတ်ရပ်စဲရေးယူပြီး ၂နှစ်ကျော်ကာလအတွင်း ကျေးရွာများတွင် အထိုင်ဆေးခန်းများ တိုးချဲ့တည်ဆောက်ပေးရန် အတွက် ဒေသခံများမှ တောင်းဆိုမှု များလာကြောင်း ကရင်နီကျန်းမာရေးဌာန KNMHC (KARENNI MOBILE HEALTH COMMITTEE) မှညွန်ကြားရေးမှူး ဆရာဖိလစ်က ဇွန်လ ၂၃ ရက်နေ့တွင် ကန္တာရ၀တီတိုင်းမ်သို့ ပြောသည်။

“အရင်ကျနော်တို့ ဒီဖက်လှည့်တဲ့အခါဆို လူထုတွေနဲ့နဲ့စိုးရိမ်တယ်။ အစိုးရဖက်က နင်တို့  တရားမ၀င်တာတွေနဲ့ ဆက်သွယ်တယ်တို့ ဘာတို့ ခြိမ်းခြောက်တယ်ပေါနော်။ လူနာကြည့်ချင်လည်း ကျနော်တို့ ခိုးပြီးသွားကြည့်ရတယ်။ အခုဆို အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်မှာ ရွာသားတွေ အများအားဖြင့် တောင်းဆိုလာတာတွေက အထိုင်တွေလုပ်ပေးဖို့ ပေါနော်” ဟု KNMHC ညွှန်ကြားရေးမှူး ဆရာဖိလစ်က ဆိုသည်။

KNMHC အနေဖြင့် ကယားပြည်နယ်အတွင်း နယ်လှည့်ကျော်ပိုးအိတ် ဆေးကုသအဖွဲ့ပေါင်း ၂၄ ဖွဲ့ရှိပြီးအထိုင်ဆေးခန်း ၁၀ လုံးရှိကြောင်းသိရသည်။

“ကျနော်တို့ အလုပ်က လူထုတွေပဲအဓိက ရည်ရွယ်ပြီး လုပ်တယ်။ နယ်လှည့်အဖွဲ့တွေက အထိုင်လိုချင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဆေးမှူးတွေက ဒီတစ်ရက်က ဒီရွာ နောက်တစ်ရက်က နောက်တစ်ရွာဆိုတော ပြီးတော ရွာ ၅ ရွာကနေ ၁၃ ရွာထိလှည့်နေရတယ်ဖြစ်တဲ့အတွက်ကြောင့် လူနာက ဆေးမှူးတွေလာတဲ့ချိန် မဖျားဘူး၊ ဆေးမှူးတွေ မလာတဲ့အချိန်ဖျားတယ် အဲလိုဖြစ်တော့ တစ်ခါတစ်လေ လူနာက အထိုင်ဆေးခန်းလိုချင်တယ်”ဟု ဆရာဖိလစ်က ဆက်ပြောသည်။

KNMHC မှ ကယားပြည်နယ်အတွင်းရှိ အစိုးရ လက်လှမ်းမမှီသော ဒေသများသို့ နယ်လှည့် ကျောပိုးအိတ်ဆေးကုအဖွဲ့ဖြင အပစ်ခတ်ရပ်စဲရေးမတိုင်မှီ အချိန်ကပင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်နေခဲ့ပြီး ယခု အပစ်ခတ်ရပ်စဲရေးကာလတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်မှုများ ရှိလာကြောင်းသိရသည်။

“အစိုးရနဲ့ပူးပေါင်းဖို့ က တချို့နေရာတွေမှာ ကျန်းမာရေးဝန်ကြီးမရှိလို့ ပူးပေါင်းဖို့ ကိစ္စတစ်ချို့က သိပ်ပြီးတောမဆုံးဖြတ်နိုင်သေးဘူး။ ခုတွဲလုပ်တဲ့အပိုင်းတော့ အနည်းအကျဉ်းရှိနေပါပြီ။ ထဲထဲဝင်ဝင် ပူးပေါင်းနိုင်ဖို့ က အများကြီးပူးပေါင်းဖို့ လိုလိမ့်မယ် ပြီးတောအများကြီးဆွေးနွေးကြဖို့  လိုသေးတယ် ပေါနော်” ဟုဆရာဖိလစ်က ဆက်ပြောသည်။

ဆေးမှူးသက်တမ်း ၅နှစ် ရှိလာပြီဖြစ်တဲ့ ဒေါပဲဒူဆေးခန်းမှ ဆေးမှူး စဲရယ်ကလည်း “အရင်တုန်းကဆိုရင် သွားလာရတာ ခက်ခဲတယ် ခုတော့နဲနဲသက်သာသွားပါပြီ။ သွားလာရေးမှာ ပိုပြီးတော့ အဆင်ပြေတယ် ဒါဘဲရှိပါတယ်။ကျနော်က စိတ်ဝင်စားလို့ လုပ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပင်တော့ပင်ပန်းတယ်။ ဒါပေမဲ့ ဆက်လုပ်ဦးမယ် တတ်နိုင်သလောက်တော့ ပါဝင်ဦးမယ်လို့ ခံယူထားပါတယ်။ အဓိကကတော့ လူထုတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ မြင့်တင်ပေးချင်တယ် ”ဟုဆိုသည်။

ဒေသခံများမှတောင်းဆိုလာသော အထိုင်ဆေးခန်းများ တိုးချဲ့ရေးအစီအစဉ်ကို KNMHC မှ ရနိုင်မည့်ငွေအရင်းအမြစ်အပေါ်မူတည်ပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန်အစီစဉ်ရှိကြောင်း ဆရာဖိလစ်ကဆက်ပြောသွားသည်။

No comments: