Monday, June 9, 2014

သီလ၀ါဇုန်တွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ စက်ရုံတည်ဆောက်ခွင့် ဇွန်လအတွင်း ခွင့်ပြုမည်

ထင်လင်းအောင်

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာတင်ထားသည့် ကုမ္ပဏီများကို ရွေးချယ်စိစစ်ပြီး အဆောက်အအုံတည်ဆောက်မှုဆိုင်ရာ လုပ်ကိုင်ခွင့် ပါမစ်များကို ယခုလအတွင်းချပေးနိုင်ရန် အမြန်ဆုံး ဆောင်ရွက်နေသည်ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ဇွန် ၅ ရက်တွင် ပြောသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ်္ပဏီပေါင်း ၄၅ ခုသည် သီလ၀ါအထူး စီးပွားရေးဇုန်တွင် ၀င်ရောက် လုပ်ကိုင်ရန် အဆိုပြုလွှာတင်ထားခြင်းဖြစ်ပြီး ဂျပန်လုပ်ငန်းများနှင့် ဟောင်ကောင်လုပ်ငန်းများက စိတ်ဝင် စားမှုအများဆုံးဖြစ်နေသည်ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားသည်။

ဦးဆက်အောင်က “ ဂျပန်ကတော့ လက်ရှိမှာအများဆုံးပါပဲ။ ဟောင်ကောင်က ဒုတိယအများဆုံး အဆိုပြု တဲ့ နိုင်ငံဖြစ်နေတယ်။ အမေရိကန်အနေနဲ့ကတော့ ကုမ္ပဏီတချို့အဆိုပြုချက်တင်ထားတယ်ရှိပေမယ့် တော်တော်နည်းတဲ့ ပမာဏပဲရှိသေးတယ် ” ဟု ဆိုသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၀င်ရောက်လုပ်ကိုင်ရန် အမေရိကန်နိုင်ငံက ကုမ္ပဏီတစ်ခုသာ အဆိုပြုလွှာ တင်ထားခြင်းဖြစ်ပြီး ဥရောပအဖွဲ့ဝင်နိုင်ငံများထဲက ဆွီဒင်နိုင်ငံမှ ကုမ္ပဏီသုံးခုကသာ အဆိုပြုလွှာတင် ထားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

အာဆီယံ ဒေသတွင်းနိုင်ငံများတွင်မူ ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံများမှာ အဆိုပြုလွှာအများဆုံးတင် ထားသည့် နိုင်ငံများအဖြစ် ရှိနေခြင်းဖြစ်သည်။

အဆိုပါ အဆိုပြုလွှာတင်ထားသည့် ကုမ္ပဏီများအနက်မှ အဆောက်အအုံ တည်ဆောက်မှုဆိုင်ရာ လုပ်ကိုင် ခွင့်ပါမစ်များကို ယခုလအတွင်းချပေးနိုင်ရန် စိစစ်မှုများကို အမြန်ဆုံးဆောင်ရွက်နေသည်ဟု ၀န်ကြီး ဦး ဆက်အောင်က ထပ်မံ ပြောသည်။

စီမံကိန်း ရင်းနှီးမြှုပ်နှံသူများဝင်ရောက်ရေးအတွက် Class A ၏ မြေကွက်များကို နှစ် ၅၀ လုပ်ကိုင်ခွင့်လိုင် စင်ဖြင့် တစ်စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၇၀ နှုန်းဖြင့်ရောင်းချပေးခဲ့ရာ (နှစ်ရှည်ငှားရမ်းခြင်း) နိုင်ငံခြား လုပ်ငန်းများအပြင် ပြည်တွင်းလုပ်ငန်းအများကလည်း ၀ယ်ယူရန်လျှောက်လွှာ တင်မှုများရှိနေကြသည်ဟု မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန်အများပိုင်လီမိတက် (MTSH Ltd) ဥက္ကဋ္ဌ ဦးဝင်းအောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ အထူးစီးပွားရေးဇုန်စီမံကိန်း သည် ပထမအဆင့်အဖြစ် မြေဧရိယာ ၃၆၉ ဟက်တာကိုClass A စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စက်မှုနယ်မြေ၊ အငှားစက်ရုံနယ်မြေနှင့် လူနေ ဧရိယာများပါဝင်မည်ဖြစ်သည်။ ယင်းClass A စီမံကိန်းကိုလည်း ၂၀၁၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာ-ဂျပန် သီလ၀ါဒီဗလော့မန့်လီမိတက် MJTD ကို ဖွဲ့စည်းထားပြီး မြန်မာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်၄၉ ရာခိုင်နှုန်းဖြင့် အကျိုးတူဖက်စပ် ရင်းနှီး မြှုပ်နှံထားခြင်း ဖြစ်သည်။

မြန်မာဘက်ခြမ်း၏ အစုရှယ်ယာ ၁၀ရာခိုင်နှုန်းကို အစိုးရကပိုင်ဆိုင်ထားပြီး ကျန်အစုရှယ်ယာ ၄၁ ရာခိုင် နှုန်းကို အများပိုင်လုပ်ငန်းအဖြစ်ဖွဲ့စည်းထားသော မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်အများပိုင် လီမိတက် က ပိုင်ဆိုင်သည်။ ဂျပန်ဘက်ခြမ်း၏ အစုရှယ်ယာ ၁၀ရာခိုင်နှုန်းကိုJICA က ပိုင်ဆိုင်ပြီး ကျန်အစုရှယ်ယာ ၃၉ရာ ခိုင်နှုန်းကို ဂျပန်အခြေစိုက် Mits-ubishi၊ Marubeni နှင့် Sumitomo တို့ပူး ပေါင်းဖွဲ့စည်းထား သည့်MMS သီလ၀ါဖွံ့ဖြိုးရေးလုပ်ငန်းက ပိုင်ဆိုင်သည်။

No comments: