ထင်လင်းအောင်
မြန်မာနိုင်ငံသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချနိုင်မည်ဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာမည့် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေ မြင့်တက်လျက်ရှိနေသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မစ်ရှင်ခေါင်းဆောင် မစ္စတာ မက်ဒေဗီးစ်က မီဒီယာများကို ဇွန်လ ၁၇ ရက်က ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
အဆိုပါကြေညာချက်အရ မြန်မာနိုင်ငံသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ငွေကြေးအရင်းအနှီးဝင်ရောက်မှု တိုးတက်လာသဖြင့် ဂျီဒီပီ (တိုင်းပြည်ဝင်ငွေ)တိုးတက် လာမည်ဖြစ်သော်လည်း ငွေကြေးဖောင်း ပွမှုနှုန်းမှာ ခြောက်ရာခိုင်နှုန်းကျော်ဖြင့် ဆက်လက်တည်ငြိမ်နေဖွယ်ရှိနေရာ ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်ကျ ရောက်နိုင်သည်ဟု ပါရှိသည်။
အစိုးရအဖွဲ့သည် ဘတ်ဂျက်လိုငွေပြမှုလျှော့ချရေးဆောင်ရွက်ခဲ့သဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် ပါဝင်ခြင်း မရှိသည့် လုပ်ငန်းများလည်ပတ်ရေး ထောက်ပံ့နိုင်ရန် ပြင်ပမှချေးငွေများရယူခဲ့ခြင်း၊ အခွန်ကင်းလွတ်ခွင့် များဆောင်ရွက်ခဲ့ရခြင်းများသည် ဘဏ္ဍာရေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်စေသည့် အချက်များဖြစ်သည် ဟု ပါရှိသည်။
မစ္စတာ မက်ဒေဗီးစ်က “ ငွေကြေး ဖောင်းပွမှုကြောင့်ဖြစ်ပေါ်လာမယ့် ဖိအားတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံ ခြားငွေ စီးဆင်းဝင်ရောက်မှုကို စီမံခန့်ခွဲနိုင်ရမှာဖြစ် ပါတယ်။ နိုင်ငံခြားငွေကြေးကို စီးဆင်းမှုကို စီမံခန့် ခွဲနိုင်ဖို့အတွက် ငွေကြေးမူဝါဒတွေ ချမှတ်ရာမှာ ပိုပြီးတိုးတက်မှုရှိဖို့လိုအပ်မှာပါ ” ဟု ပြောသည်။
သို့ဖြစ်ရာ ဗဟိုဘဏ်က ၂၀၁၅ ခုနှစ်တွင်စတင်ဆောင်ရွက်မည်ဟု မျှော်လင့်နိုင်ခြေရှိသော ငွေတိုက် လက် မှတ် treasury bill များကို လေလံတင်ရောင်းချ ခြင်းနည်းလမ်းဖြင့် ၀င်ရောက်ထိန်းညှိပေးရန်လိုအပ်မည် ဟု ဆက်လက်ပြောသည်။
ငွေတိုက်လက်မှတ် treasury bill များ လေလံတင်ရောင်းချခြင်းသည် ဘတ်ဂျက်လိုငွေပြချိန်တွင် ဗဟိုဘဏ် မှဝင်ရောက်ဖြည့်ဆည်းပေးမှုကို လျှော့ချနိုင်ခြင်းနှင့် ပုဂ္ဂလိက ဘဏ်အတိုးနှုန်းလွတ်လပ်ခွင့်ပေးရေး လုပ် ဆောင်နိုင်ခြင်းမူဘောင်များကို ဖန်တီးပေးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
IMF မစ်ရှင်အဖွဲ့သည် ၂၀၁၄ ခုနှစ် အတွက်Article IV ဆိုင်ရာအကြံပြုဆွေး နွေးမှုပြုလုပ်ရန် ဇွန်လ ၄ ရက်မှ ၁၇ ရက် အထိ မြန်မာနိုင်ငံသို့ရောက်ရှိကာ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လွှတ် တော်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ နှင့် တွေ့ဆုံခဲ့ပြီးနောက် ဇွန် ၁၇ရက်တွင် မီဒီယာများကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment