Wednesday, June 18, 2014

ပုဂ္ဂလိကစီးပွားရေး တိုးတက်လာသည်ဟု အစိုးရဆိုသော်လည်း ဖြစ်သင့်သည့် တိုးတက်မှုမရှိသေးဟု လုပ်ငန်းရှင်များဆို

ထင်လင်းအောင်

အစိုးရဌာနအသီးသီး၏ ဖြေလျှော့မှုများကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးတက်လာသည့်အပြင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်လာသည်ဟု ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ထုတ်ပြန်လိုက်သော်လည်း ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အမှန်တကယ် ဖွံ့ဖြိုးလာရန်မှာ လိုအပ်ချက်များစွာရှိနေသေးသည်ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက မဇ်္ဈိမကို ဇွန်လ ၁၅ ရက်တွင် ပြောသည်။

အစိုးရသစ် စတင်တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ စတင်ကာ ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏတစ်ဆနီးပါး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ခြောက်ဘီလီယံ ကျော်၊ မြန်မာကုမ္ပဏီ နှစ်ထောင်နီးပါးနှင့် နိုင်ငံခြားကုမ္ပဏီ တစ်ထောင်နီးပါး အသီးသီးတိုးတက်လာခဲ့ သည်ဟု ပုဂ္ဂလိကကဏ္ဍပြောင်းလဲ ဖွံ့ဖြိုးတိုး တက်ရေးဆပ်ကော်မတီက ဇွန်လ ၁၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင်ထုတ်ပြန်ထားသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦး အပြင် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ယာယီဥက္ကဋ္ဌ ဒေါက် တာစိုးထွန်းက “ စာရွက်ပေါ်က ကိန်းဂဏန်းတွေအရ ပုဂ္ဂလိကအဖွဲ့အစည်းတွေများလာတာ။ ပုဂ္ဂလိက လုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာကတော့ကောင်းတဲ့ လက္ခဏာတွေပါပဲ။ တိုးတက် လာတဲ့ လုပ်ငန်းတွေမှာ အခြေခံလုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်းရမယ့် ကုန်ထုတ်လုပ်ငန်းလို ကဏ္ဍတွေ အားနည်းနေသေးတယ်။ လောလောဆယ်မှာတော့ ပုဂ္ဂလိကစီးပွားရေးတွေမှာ တကယ့်တိုး တက်မှုကို မမြင်ရသေးဘူး ”ဟု ပြောသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်နှိုင်းယှဉ်ပါက လိုင်စင်ရငွေရေးကြေးရေး အဖွဲ့အစည်း များ၏ ချေးငွေပမာဏသည် ကျပ်ငွေ ၂၁၆ ဘီလီယံကျော် ဖြင့် သုံးဆနီးပါးနှင့် သမ၀ါယမအသင်းများမှ အသေးစားချေးငွေပမာဏသည် ကျပ် ၁၄၉ ဘီလီယံကျော်ဖြင့် သုံးဆနီးပါး တိုးမြှင့်ချေးပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

စီးပွားရေးပညာရှင် ဦးလှမောင်က “ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ် ဆိုပေမယ့် တကယ် တမ်းမြင်သာမှု မရှိသေးဘူး ။ အဓိကလိုအပ်ချက်တွေဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍရဲ့ ငွေပေးငွေလွှဲစနစ်တွေ က နိုင်ငံတကာမှာလိုမဖြစ်သေးဘူး။ ထုတ် ကုန်လုပ်ငန်းတွေဖွံ့ဖြိုးလာစေမယ့် အခြေအနေတွေကို ဖန်တီး နိုင်မှုမရှိသေးသရွေ့တော့ ဖြစ်သင့်တဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်အတိုင်း ဖြစ်မလာသေးဘူး ” ဟုပြောသည်။

၎င်းကော်မတီက၂၀၁၁ ဘဏ္ဍာနှစ် တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၈,၁၇၁ သန်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၄၀,၆၉၉ သန်းရှိရာမှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၄,၉၆၃ သန်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၄၆,၂၂၅ သန်းရှိလာသည်ဟု ထုတ်ပြန် သည်။

ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် စီးပွားရေးအဖွဲ့အစည်း ၂၁၄ ဖွဲ့၊ ထုတ်လုပ်မှုသမအသင်း ၂၀,၇၄၇ ဖွဲ့၊ ကုန်သွယ်မှုသမအသင်း ၃၀၈၉ ဖွဲ့၊ ၀န်ဆောင်မှု သမအဖွဲ့ ၄၀၁၇ ဖွဲ့နှင့် လိုင်စင်ရငွေရေး ကြေးရေးအဖွဲ့ အစည်း ၁၉၇ ဖွဲ့ဖြင့်အသီး သီးရှိလာသည်ဟု ဖော်ပြထားသည်။

No comments: