ယုဝေ
မဟာသန္တိသုခကျောင်းပိုင်ဆိုင်မှု အငြင်းပွားရာမှ ပီနန်ဆရာတော်ကြီး၏ တပည့်သံဃာငါးပါးကို အတင်းလူဝတ် လဲစေကာ ထောင်ချသည့် ကိစ္စကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် တစ်စုံတစ်ရာ ဝင်ရောက်ဖြေရှင်းမည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။
“အဲလိုကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ဟိုအရင်ကတည်းက လုပ်ထုံးလုပ်နည်းဆိုင်ရာ သံဃာလုပ်ထုံးလုပ်နည်းတွေနဲ့ သံဃာမဟာနာယကအဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့်မို့ သမ္မတအနေနဲ့ ပါဝင်ပြောဆိုခြင်း ဝင်ရောက်စွက်ဖတ်ခြင်း လုပ်လို့မရပါဘူး”ဟု ဦးရဲထွဋ်က ပြောသည်။
ဇွန်လ ၁၁ရက်က မဟာသန္တိသုခကျောင်းတိုက်ကို ရဲဝန်ထမ်းများက ဝန်းရံချိတ်ပိတ်ကာ သံဃာများနှင့် ဒကာများကို ထိန်းသိမ်းခဲ့သည်။ ဇွန်လ ၁၃ရက်ကလည်း ပီနန်ဆရာတော်ကြီး၏ တပည့်များဖြစ်သည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို အတင်းအကျပ် လူဝတ်လဲစေပြီး သာသနာတော် ညိုးနွမ်းစေမှု ၂ဝ/၉ဝဖြင့် စွဲဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ လူမှုကွန်ယက်များတွင် သမ္မတဦးသိန်းစိန် အနေဖြင့် ဝင်ရောက်ထိန်းသိမ်းခြင်း မရှိခြင်းကြောင့် သမ္မတ၏ ပါဝင် ပတ်သက်မှု ရှိမရှိ ဝေဖန်မှုများနှင့် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်များသည် တိုင်းသံဃာနာယကအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်းများ ပူးပေါင်းကာ သံဃာ့နာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည် ဟုဦးရဲထွဋ်ကပြောသည်။
ယင်းအပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း သမ္မတဦးသိန်းစိန်က မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်အား ပီနန်ဆရာတော်ဆီ စေလွှတ်ကာ ကျောင်းတိုက်တွင် အေးချမ်းစွာ သတင်းသုံးနိုင်ရန် အမှာစကားပါးသည်ဟူသော သတင်းများ ထွက်ပေါ်သည့်အပေါ် မဟုတ်မှန်ကြောင်း ဦးရဲထွဋ်က မဇ္ဈိမကို ပြောသည်။
တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ပီနန်ဆရာတော်နှင့် မဟာသံဃာ့နာယကအဖွဲ့တို့ ပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းတိုက်ကို ဇွန်လ ၁၁ ရက် နံနက် ၁၂နာရီခန့်က သံဃာတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင် ၁ဝဝဝခန့်က ဝင်ရောက်စီးနင်းကာ ကျောင်းတိုက်အတွင်းရှိ သံဃာတော် အပါး၂ဝ ကို ထိန်းသိမ်းခဲ့ကြခြင်းဖြစ်သည်။

No comments:
Post a Comment