ရေခဲ(ပြည်)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်အဖွဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပြည်မြို့တွင် ဟောပြောပွဲပြုလုပ်မည့် ကွင်းနေရာအား ဒုတိယအကြိမ် လျှောက်ထားမှုကို ငြင်းပယ်ခဲ့ကြောင်း ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
"ပညာရေးဌာနပိုင် အားကစားကွင်း ဖြစ်နေတဲ့အတွက် ကွင်းနေရာ အသုံးပြုမှုကို ခွင့်မပြုပါကြောင်းဆိုပြီး ငြင်းလိုက်တယ်"ဟု ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
ပြည်ခရိုင်ပညာရေးမှူး ဦးတင်ဌေးလက်မှတ်ပါ ခရိုင်ပညာရေးမှူးရုံး၏ စာအမှတ် စိတ်(၁)၄၃ဝ/အားကစားကွင်း/၂ဝ၁၄ အရ အထက(၁)ကျောင်း အားကစားကွင်း အသုံးခွင့် မပေး ဟု ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
ဇွန်လ၁၇ရက် နေ့လည် ၂နာရီတွင် မြို့နယ်ပညာရေးမှူးရုံးသို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို ခေါ်ယူတွေ့ဆုံကာ ငြင်းပယ်သည့် အမိန့်စာပေးခဲ့ခြင်း ဖြစ်သည်။
ဟောပြောပွဲပြုလုပ်ရန်အတွက် အထက(၁)ကျောင်း လွတ်လပ်ရေးကျောက်တိုင်ကွင်းကို ဇွန်လ၁ဝရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခွင့်ပြုမိန့်တောင်းခံခဲ့ပြီး အဆိုပါ ခွင့်ပြုမိန့် တောင်းခံစာတွင် လိုအပ်ချက်များရှိနေသဖြင့် ထပ်မံတင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇွန်လ၁၂ရက်က အကြောင်းပြန်ကြားခဲ့သည်။
အကြောင်ပြန်ကြားချက်အရ ဇွန်လ၁၄ရက်တွင် ဟောပြောမည့်အစီအစဉ်၊ ဟောပြောသူ၏ ကိုယ်ရေးအကျဉ်း၊ လုံခြုံရေးစီမံချက်၊ ရဲထောက်ခံချက်၊ အထက(၁) ကျောင်းကော်မတီ၏ ခွင့်ပြုချက်များ နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ကွင်းနေရာထပ်မံလျှောက်ထားခဲ့ရာ ခရိုင်ပညာရေးမှူးရုံးကစာဖြင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ဟောပြောပွဲပြုလုပ်ရန် ကွင်းနေရာခွင့်ပြုချက်မရသည့်အကြောင်း NLDဗဟို နှင့် ၈၈ဗဟိုသို့ တင်ပြမည်ဖြစ်ပြီး ရတနာမာန်အောင် ရပ်ကွက်ရှိ လေးထပ်ပြင်ဂေါက်ကွင်းကို ထပ်မံ လျှောက်ထားသွားမည်ဟုလည်း ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဦးမြင့်သန်းထွန်းက ပြောသည်။
ဇွန်လ၂၉ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်ဦးနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လာရောက်ဟောပြောမည်ဖြစ်သည်။
No comments:
Post a Comment