Thursday, June 19, 2014

ပေါက်တောမြို့နယ်တွင် အမျိုးအမည်မသိ ငါးကြီးတစ်ကောင် သောင်တင်သေဆုံး

လင်းမြတ်

ပေါက်တောမြို့နယ်၊သဲခုံကျေးရွာတောင်ဘက်ရှိ သောင်ပြင်တစ်ခုတွင် အမျိုးအမည်မသိသော ငါးကြီးတစ်ကောင် သောင်တင်ကာ သေဆုံးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ငါးကြီးအား လွန်ခဲ့သော ဇွန်လ(၁၄)ရက်နေ့ ဒီရေတက်ချိန်တွင် သဲခုံရွာနှင့် ဂြင်းချောင်း ကျေးရွာ အကြားရှိ သောင်ပြင်ပေါ်၌ သေဆုံးနေသည်ကို ဒေသခံရေလုပ်သားများက စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးနေသော ငါးကြီးမှာ အလျား(၂၆)ပေ၊အနံ (၁၁)ပေနှင့်ခန့်ရှိပြီး လုံးပတ်မှာ ဆယ်ပေဝန်ကျင်ရှိကြောင်း ပေါက်တောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တဆင့် သိရသည်။

ယင်းငါးမှာ ငါးမန်းဖြစ်နိုင်ကြောင်း ပေါက်တောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဦးအောင်မိုးထွန်းက နိရဉ္စရာသို့ ယခုလို ပြောသည်။

“ငါးက ပုပ်ပွပြီးရုပ်လုံးမပေါ်ဖြစ်နေပြီ။ခန္ဓာအစိတ်အပိုင်းတွေလည်း အစုံအလင်မရှိတော့ဘူး။ အရေခွံကလည်းအကြောင်အကျားတွေနဲ့။ဘာငါးဖြစ်တယ်ဆိုတာတော့လောလောဆယ်တိတိကျကျအဖြေမထုတ်နိုင်သေးပါဘူး။ငါးကဘာကြောင့်သေတယ်၊ဘယ်အချိန်မှာသေသွားတယ်ဆိုတာတပ်အပ်မပြောနိုင်သေးပါဘူးကျွန်တော်တို့ကတော့ ငါးမန်းလို့ ယူဆနေကြပါတယ်၊”ဟု ဆိုသည်။

ယခုအခါ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်းကာ ယင်းငါးကြီးအား ဆန်းစစ် အဖြေရှာခြင်းများ ပြုလုပ်နေကြပြီး ဒေသခံများကလည်း အထူးစိတ်ဝင်စားနေကြသည်ဟု သိရသည်။


No comments: