ဖြိုး
ယာဉ်စည်းကမ်းလမ်းစည်းကမ်းအတွက် နေ့နှင့် ညရှောင်တခင်စစ်ဆေးရာတွင် မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန် အမှန်တကယ် မတတ်နိုင်သည့် နွမ်းပါးသူများကို မော်တော်ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ပေးသွားမည်ဟု မန္တလေးတိုင်း အမှတ်(၁၁)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးက ရဲမှူးသိန်းကိုကိုက ပြောသည်။
“တချို့က တကယ်မတတ်နိုင်လို့ မဆောင်းနိုင်ကြတာ၊ အဲဒီတော့ ဆင်ခြေဖုံးရပ်ကွက်က အခြေခံလူတန်းစားတွေကို ဆပ်ပရိုက်ချက်စစ်တဲ့အခါ တကယ်မတတ်နိုင်တာဆိုရင် ချလံဖြတ်ပြီးတော့ ဆိုင်ကယ်ဦးထုပ် အခမဲ့ပေးမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
မြို့တွင်းလမ်းမကြီးများနှင့် တစ်လမ်းမောင်းလမ်းများတွင် မောင်းနှင်နေသည့် မော်တော်ယာဉ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့များ ပူးပေါင်းကာ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ဆိုင်ကယ်မောင်းနှင် အသုံးပြုနေသော်လည်း အသက်အန္တရာယ်အတွက် လုံခြုံစိတ်ချရသည့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းနိုင်သူများကိုသာ အခမဲ့ ပေးမည်ဟု ဆိုသည်။
“ချလံဖြတ်တယ် ဆိုတာကလည်း စည်းကမ်းမဲ့လို့ ဖမ်းခံရတာချင်းတူတူ သူက ဦးထုပ်လည်း အလကားရတယ်၊ ငါတို့ကျ ဒဏ်ငွေဆောင်ရတယ်ဆိုတာမျိုး မဖြစ်ရအောင် ချလံဖြတ်ရတာပါ” ဟု မန္တလေးတိုင်း အမှတ်(၁၁)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးက ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ပြောသည်။
လက်ရှိတွင် ယာဉ်စည်းကမ်းအတွက် မြို့တွင်းကိုသာ ဆောင်ရွက်လျက်ရှိရာ နောင်တွင် မြို့အစွန်အဖျားများနှင့် ဆင်ခြေဖုံးရပ်ကွက်များအထိ လိုက်လံစစ်ဆေး အရေးယူသွားရန် ရှိသဖြင့် ယခုအစီအစဉ်ကို စတင် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ရဲမှုးသိန်းကိုကိုက ဆိုသည်။
ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း နှင့်ပတ်သက်၍ စစ်ဆေးအရေးယူခံသူများကို ကွန်ပျုတာဥာဏ်စမ်းမေးခွန်းများ မေးမြန်းကာ ဖြေဆိုနိုင်သူအား ဆုအဖြစ် မန္တလေးမြို့ခံ လုပ်ငန်းရှင်များက စုပေါင်းလှူဒါန်းသည့် မော်တော်ဆိုင်ကယ်စီးဦးထုပ် အလုံးရေ တစ်သောင်းခန့်ကို (တစ်လုံးလျှင်ရှစ်ထောင်ကျပ် တန်ဖိုးရှိ) ပြန်လည်ချီးမြှင့်သည့် အစီအစဉ်များ၊ ယာဉ်စည်းကမ်းနှင့် ပတ်သက်သည့် ပညာပေးဟောပြောပွဲများကို တက်ရောက်စေကာ လက်ဆောင်ပေးခြင်းတို့ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment