Saturday, June 14, 2014

ယခုနှစ် ရခိုင်ပြည်နယ် ပညာသင်ကာလအတွင်း ပုဂ္ဂလိကကျောင်း (၄) ကျောင်း ဖွင့်လှစ်ထားရှိ

အောင်စိုး

၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကာလအတွင်း ရခိုင်ပြည်နယ်တွင် ပုဂ္ဂလိက ပညာသင်ကျောင်း (၄) ကျောင်း ဖွင့်လှစ်ခွင့် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက ကျောင်းများမှာ မဟာပညာကျော် (စစ်တွေ)၊ ပညာနန်းရိပ် (မြောက်ဦး)၊ ဦးရာဇ်ရွှေမြေ (ပုဏ္ဏားကျွန်း) နှင့် ရွှေပင် (စစ်တွေ)တို့ ဖြစ်ကြောင်း သိရသည်။

၎င်းကျောင်းများအနက် မဟာပညာကျော်၊ ပညာနန်းရိပ်နှင့် ဦးရာဇ်ရွှေမြေတို့တွင် အထက်တန်း ပညာသင်ကြားခွင့် ရရှိမည်ဖြစ်ပြီး ရွှေပင် ပုဂ္ဂလိက ပညာသင်ကျောင်းမှာ မူလတန်း ပညာသင်ကြားခွင့် ရရှိမည်ဖြစ်သည်။

အဆိုပါ ကျောင်းများမှာ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ်အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် အစမ်းကာလတစ်ခုအဖြစ် (၁) နှစ် ဖွင့်လှစ်ရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပညာသင်ယူနေသည့် ကျောင်းသား စုစုပေါင်း ၅၈၅၁၄၃ ဦး ခန့်ရှိကြောင်း ၂၀၁၄ ခုနှစ် ပညာရေးဆိုင်ရာ တင်ပြချက် စာရင်းမှတ်တမ်းအရ သိရသည်။

ပုဂ္ဂလိက အထက်တန်းကျောင်းများ (သို့မဟုတ်) ကိုယ်ပိုင်အထက်တန်းကျောင်းများ ဥပဒေကို ပြည်ထောင်စု လွှတ်တော်၌ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့က ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments: