Saturday, June 14, 2014

ထိပ်သီးအခွန်ထမ်း ၁၃၀ဦးနှင့် နိုင်ငံခြားကုမ္ပဏီများ အခွန်ကို ကိုယ်တိုင်တွက်ချက် ထမ်းဆောင်ရမည်

သီဟကိုကို

သုံးနှစ်ဆက်တိုက် အခွန်အများဆုံး ထမ်းဆောင်သူ ၁၃၀ ဦးကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ကာ အခွန်စတင်ထမ်းဆောင်ရန် ရွေးချယ်ထားသည်ဟု အခွန်ထမ်းကြီးများ အခွန်ရုံးဌာနမှူး ဦးဇေယျာကြည်ညွန့်က ပြောသည်။

အခွန်အများဆုံး ထမ်းဆောင်ထားသော သူများအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်က ခွင့်ပြု ထားသည့် နိုင်ငံခြားကုမ္ပဏီကြီးများ၊ ကုမ္ပဏီအုပ်စုများ၊ ဘဏ်လုပ်ငန်းကုမ္ပဏီများ၊ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ လေကြောင်းလိုင်းများ၊ အများပိုင်ကုမ္ပဏီများတို့သည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး တွင် စတင် အခွန်ထမ်းဆောင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဧပြီလ ၁ ရက်တွင် ရန်ကုန်မြို့က ပထမဦးဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး အခွန်ထမ်းအနေဖြင့် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် မိမိပေးဆောင်ရမည့် ကျသင့်အခွန်ကို မိမိကိုယ်တိုင်တွက်ချက် ပေးဆောင်သည့်စနစ် Self Assessment System (SAS) ဖြင့် အခွန်ကျသင့်ပေးဆောင်ရမည် ဖြစ်သည်။ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး တို့တွင်မူ အခွန်ရုံးကစည်းကြပ်သည့်စနစ် Official Assessment System( OAS) ဖြင့် ကျသင့်အခွန်ကို ပေးဆောင်နေခြင်း ဖြစ်သည်။

အခွန်ထမ်းကြီးများ အခွန်ရုံးဌာနမှူး ဦးဇေယျာကြည်ညွန့်က “အခွန်ထမ်းအနေနဲ့ ကျွန်တော်တို့ ရုံးကို တစ် ကြိမ်သာ ချလန်စာရွက်လာယူတာပဲ ရှိမယ်။ နောင်တစ်ကြိမ် ကိုယ့်ဆန္ဒမရှိဘဲ လာစရာ မလိုပါဘူး။ ချလန် ယူပြီး ဘဏ်ကိုငွေသွင်းရမယ့် တစ်ခါပဲလာရမယ်။ ဥပဒေနဲ့အညီ လိုက်နာဖို့ ပျက်ကွက်နေတဲ့ အခွန်ထမ်း ကြီးတွေ တုန်လှုပ်ရအောင် ရုံးကို တည်ဆောက်သွားမယ် ” ဟု ပြောသည်။

အခွန်ထမ်းကြီးများသည် မိမိ ပေးဆောင်ရမည့်အခွန်ကို ကိုယ်တိုင်တွက်ချက် ပေးဆောင်သည့် ၀င်ငွေခွန် ကြေညာလွှာအပေါ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ စိစစ်ရရှိထားသည့် အချက်အလက်များနှင့် စစ် ဆေးသွားမည်ဖြစ်ပြီး ၀င်ငွေ ကြေညာလွှာအပေါ် စစ်ဆေးရန်လိုအပ်ပါက အခွန်စိစစ်ရေးအဖွဲ့များ စေ လွှတ်ကာ အခွန်ထမ်း၏ ၀င်ငွေခွန်ကြေညာလွှာအပေါ် ပြန်လည်သုံးသပ်သွားမည် ဖြစ်သည်။

ဦးဇေယျာကြည်ညွန့်က ““ အခွန်ရုံးတွေ မှာကျင့်သုံးနေတဲ့ အခွန်မှူးတစ်ဦးက အခွန်ထမ်းအရေအတွက် တစ်ခုကို ပုံသေ ယူထားပြီး အခွန်စည်းကြပ်နေတဲ့ပုံစံကို လုံးဝကျင့်သုံးမှာ မဟုတ်ဘူး။ အခွန် စိစစ်မဲ့အဖွဲ့ တွေကို ကျပန်းစနစ်နဲ့ရွေးပြီး စိစစ်သွားမယ်။ ခုချိန်ထိ ဘယ်သူက ဘယ်လုပ်ငန်းကို စိစစ်မယ်ဆိုတာမျိုး သတ်မှတ်ချက် မရှိဘူး ” ဟု ပြောသည်။

ထိပ်သီးအခွန်ထမ်းများအပြင် မိမိဆန္ဒအလျောက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် အခွန်ထမ်း ဆောင်လိုသည့် အခွန်ထမ်းကို သတ်မှတ်ချက်နှင့်အညီလက် ခံပေးသွားမည်ဟု အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ထုတ်ပြန်ထားသည်။

No comments: