Monday, June 16, 2014

ဗိုလ်ချုပ်ရာပြည့် စာအုပ်မှရရှိသည့် ငွေကြေးတစ်ချို့ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်

မိုးသူ

ဗိုလ်ချုပ် မွေးနေ့အကြို အထိမ်းအမှတ်အနေဖြင့် ဗိုလ်ချုပ်ရာပြည့် စာအုပ်ကို ကဗျာဆရာ သုံးဦးက စီစဉ်ကာ ဇူလိုင် ၁၃ မတိုင်မီ အာရှအလင်းစာပေမှ ထွက်ရှိမည်ဖြစ်သည်။ ရရှိလာ မည့် ငွေကြေး ၃ဝ ရာခိုင်နှုန်းကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်ဖြစ်သည်ဟု စီစဉ်သူတစ်ဦး ဖြစ်သည့် ကဗျာဆရာ လူပအောင် က မဇ္ဈိမသို့ပြောသည်။

အဆိုပါ ဗိုလ်ချုပ်ရာပြည့် စာအုပ်တွင် ပါဝင်သည့် စာပေများ ၊ ကဗျာများ သည် ယခင်စာရေး ဆရာများရေးသား ထားသည့် စာပေများ ကို ထည့်သွင်းဖော်ပြ မည်မဟုတ်ဘဲ ဗိုလ်ချုပ်အပေါ် ခံစားမိသည့် ခံစားချက်အသစ် စာပေများ ကို စာရေးဆရာက ရေးသားဖော်ပြသွားမည်ဖြစ်သည်။ စာအုပ် ထွက်ရှိမည့်နေ့တွင် စာအုပ်တွင် ပါဝင်သည့် ကဗျာများ ၊ ပန်းချီများ ၊ သရုပ်ဖော်ပုံများ ၊ စာပေများကို လက်ရေးမူ အတိုင်းပင် ပြသကာ ပြပွဲပြုလုပ်မည်ဖြစ်သည်။

“ ဗိုလ်ချုပ်မွေးနေ့ ကျရောက်မယ့်နေ့ အဖြစ် အကြိုအထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်ရာပြည့် စာအုပ်ကို ထုတ်ဝေမှာပါ။ ထွက်ရှိမယ့်နေ့မှာဘဲ ပြပွဲပြုလုပ်ပြီး ငွေကြေးရဲ့ ၃ဝ ရာခိုင်နှုန်းကိုလှူဒါန်း သွားမယ်။ပြပွဲပြီးသွားရင် စာအုပ်ထဲမှာ ပါဝင်ထားတဲ့ ပန်းချီကားတွေထဲက အကောင်းဆုံးကို ပြက္ခဒိန် ထုတ်လုပ်သွားမှာပါ” ဟု ကဗျာဆရာ လူပအောင် ကပြောသည်။

ယင်းပြပွဲကို ဇူလိုင်အလယ်တွင် ကျင်းပမည်ဖြစ်ပြီး စာအုပ်ထွက်ရှိခြင်းနှင့်အတူ အလှစစ် Gallery တွင် တစ်ပတ် ကြာပြုလုပ် ကျင်းပ သွား မည်ဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်ရာပြည့်စာအုပ်တွင် ပါဝင်သည့် မာတိကာများသည် ဗိုလ်ချုပ် ပန်းချီ ၊ ကာ တွန်း ၊ သရုပ်ဖော်ပုံ ၊ စာပေများ ၊ ကဗျာ နှင့် အင်တာဗျူးတို့ ပါဝင်မည်ဖြစ်ပြီး ပါဝင်ပြသမည့် အရာများသည် ဗိုလ်ချုပ်အပေါ် ခံစား မိသည့် ခံစားချက်အသစ်များ ၊ ကဗျာအသစ်များ စသည့် ခံစားချက် အသစ်များကို ဖော်ပြသွားမည်ဖြစ်သည်။

ယင်းစာအုပ်တွင် ပန်းချီ ခင်မောင်ရင် ၊ ရာဟုလာ ၊ မောင်နိုး ၊ ကိုကိုနိုင် ၊ မြတ်ကျော့ ၊ ဇေယျာအေး ၊ စံဦး ၊ ဖြိုးကြည် နှင့်အခြားသော ပန်းချီဆရာ ၂၄ ယောက် ၊ ကာတွန်း လူကြီးမင်း ၊ အဂ္ဂ ၊ နေမျိုး အေး ၊ မောင်မောင်ဖောင်တိန် ၊ မောင်မောင်ညှက် ၊ သီဟစခန်းသစ် ၊ ကာတွန်းထိန်သာ ၊ ဦးစံဝင်းစသည့် ကာတွန်းဆရာ ၁ဝ ယောက် နှင့်ကိုကိုနိုင် ၊ မောင်နိုး ၊ မောင်နေကြည် ၊ ရန်နိုင်ဦး ၊ လင်းငြိမ် ၊ ကိုဝင်းမြင့် ၊ အဂ္ဂ ၊ နော်ရင်ခန့်စသည့် သရုပ်ဖော် ပန်းချီဆရာ အပါအဝင် ၊ မင်းကိုနိုင် ၊ ကိုကိုကြီး ၊ မာကီ နှင့်အခြားသော အက်ဆေးရေးသားသူ ၁ဝ ဦးကျော်တို့သည် ပါဝင်ကြမည်ဖြစ်သည်။

ကဗျာရေး သားသည့် ကဗျာဆရာ မိုးဝေး ၊ မောင်ဖီလာ ၊ ကိုရွေး ၊ ခရမ်းပြာထက်လူနှင့် ပွဲစီစဉ်သည့် ဦးလူပအောင် ၊ ဦးမြင့်ဆန်း ၊ ဦးဧပရယ်နွေ တို့သည်လည်း ပါဝင်ရေး သားထားကြသည်။

ဗိုလ်ချုပ်မွေးနေ့အကြို အထိမ်းအမှတ် အနေဖြင့် ဗိုလ်ချုပ်ရာပြည့် စာအုပ်ကို ဇူလိုင် ပထမပတ်တွင် ထုတ်လုပ် သွားမည်ဖြစ်ပြီး ပါဝင်သည့် စာမျက်နှာ အရေအတွက်သည် ၄၅ဝ မျက်နှာ ပါဝင်မည်ဖြစ်ကာ အုပ်ရေ ၂ဝဝဝခန့် ထုတ်လုပ်သွားမည်ဖြစ်သည်။ ယင်းစာအုပ်ကို အာရှအလင်းစာပေမှ ထုတ်လုပ်ပြီး စာအုပ်တစ်အုပ်၏ တန်ဖိုးသည် ၁ဝဝဝဝ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

No comments: