Thursday, June 12, 2014

ငမိုးရိပ်ချောင်းကူး သာကေတ တံတားအသစ်ကို JICA အကူအညီဖြင့် တည်ဆောက်သွားမည်

သီဟကိုကို

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည့် ငမိုးချောင်းကူး သာကေတတံတားအသစ်ကို JICA အကူအညီဖြင့် တည်ဆောက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ဝ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JICA တို့ သာကေတတံတားအသစ် တည်ဆောက်ရေးအတွက် JICA အကူအညီပေးရေးဆိုင်ရာ Grant Agreement နှစ်ဖက်သဘောတူ စာချူပ်များကို လက်မှတ်ရေးထိုးခဲ့ပြီး ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများ လာရောက်တည်ဆောက်သွား မည်ဖြစ်သည်။

သာကေတတံတားအသစ်သည် လေးလမ်းသွား ကြိုးတံတား အမျိုးအစားဖြစ်ပြီး အရှည် ၂၅၃ မီတာ ၊ Steel Box Girder ၊ P.C Box Girder များဖြင့် တည်ဆောက်မည် ဖြစ်ကာ တံတားကြီး ချဉ်းကပ်လမ်းနှင့် ဆက်စပ်သည့် လမ်းများကိုလည်း လေးလမ်းသွားလမ်းများအဖြစ် တိုးချဲ့သွားမည် ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများ လာရောက်တည်ဆောက်မည် ဖြစ်သဖြင့် တည်ဆောက်ရေး နည်းပညာများ၊ အတတ်ပညာများကို ရရှိနိုင်မည်ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေး တို့အတွက် မင်္ဂလာတောင်ညွန့် မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည့် သာကေတတံတားအသစ်ကို ရည်ရွယ် တည်ဆောက်သွားမည်ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူဆောက်လုပ်ရေးလုပ်ငန်းမှ JICA ၏ ODA Loanဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် လမ်းလုပ်ငန်းများ အဆင့်မြှင့်တင့်သည့် လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းတွင် မိုင်ပေါင်း ၂၇ မိုင်၊ မွန်ပြည်နယ်တွင် မိုင်ပေါင်း ၃ဝမိုင် ရှိ လမ်းများတည်ဆောက်ရန် ဆောက်လုပ်ရေးကုမ္ပဏီများကို တင်ဒါခေါ်ယူထားသည်။

No comments: