စ, ချိုကို
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ကိုင်ခွင့်လိုင်စင်ရရှိထားသော အူရီးဒူးက မိုဘိုင်းပေါ်မှ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်သည့် Mobile Money ၀န်ဆောင်မှုများ စတင်ရာတွင် ငွေကြေးဝန်ဆောင်မှုများအတွက် ပြည်တွင်းဘဏ်တစ်ခု ဖြစ်သည့် စီဘီဘဏ်နှင့် လုပ်ကိုင်သွားမည်ဖြစ်သည်ဟု အူရီးဒူး၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက မဇ္ဈိမကို ပြောသည်။
ဒေါ်သီရိကြာညိုက “အူရီးဒူးရဲ့ Mobile Money ၀န်ဆောင်မှုမှာ ငွေလွှဲပို့ချင်တဲ့သူတွေ၊ ငွေထုတ်ချင်တဲ့သူ တွေက စီဘီဘဏ်က ဘဏ်ခွဲတွေ၊ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်တွေဆီမှာ ထုတ်ယူလို့ ရမှာဖြစ်ပါတယ်။ Mobile Money ၀န်ဆောင်မှုမှာ အူရီးဒူးအော်ပရေတာကသုံးတဲ့ ဆင်းမ်ကတ်အပြင် အခြား မြန်မာ့ဆက် သွယ်ရေး၊ တယ်လီနောရဲ့ ဆင်းကတ်သုံးတဲ့သူတွေပါ လွှဲပို့လို့ရအောင် ချိတ်ဆက်လုပ်ကိုင်သွားမှာ ဖြစ်ပါ တယ်” ဟု ပြောသည်။
အခြားအော်ပရေတာများ၏ ကွန်ရက် နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက်လည်း ညှိနှိုင်းဆောင်ရွက်နေ ပြီး သဘောတူညီမှုများ ရရှိထားသည်ဟုလည်း ၎င်းက ဆိုသည်။
မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များချိတ်ဆက်အသုံးပြုနိုင်သည့် အချိန်မှသာ Mobile Money ကို စတင်ဝန် ဆောင်မှုပေးမည်ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားထားသည်။
အူရီးဒူး၏Mobile Money ၀န်ဆောင်မှု အသုံးပြုသူများအနေဖြင့် စီဘီဘဏ်၏ ဘဏ်ခွဲများနှင့် ဘဏ်က ခန့်အပ်ထားသည့် ကိုယ်စားလှယ်များထံတွင် ငွေပေးပို့ခြင်း၊ ငွေထုတ်ယူခြင်းများ ပြုလုပ်ရာတွင်လုပ်ဆောင် ရမည်ဖြစ်သည်။
စီဘီဘဏ်၏မန်နေဂျာ ဦးအုန်းသိန်းဦးက“Mobile Moneyကို ချိတ်ဆက် လုပ်ကိုင်ရာမှာ အဲဒီဝန်ဆောင်မှု မှာသုံးတဲ့ ငွေကြေးအကောင့်ကို ဘဏ်မှာလာဖွင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။Mobile Money သုံးတဲ့ သူ တွေ ဘဏ်မှာ ငွေကြေးလာထုတ်ယူနိုင်တာမျိုးပါ” ဟု မဇ္ဈိမကို ပြောသည်။
စီဘီဘဏ်သည် နိုင်ငံတကာငွေပေးချေမှု ကတ်များဖြစ်သော Visa ၊ Master ကတ်များကို အသုံးပြုနေပြီး Mobile Banking စနစ်ကိုလည်း ၀န်ဆောင်မှုပေးရန် လုပ်ကိုင်ဆောင်ရွက်နေသည်။ အူရီးဒူးနှင့် အခြား လိုင်စင်ရ အော်ပရေတာများ ရရှိထားသော ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်သည် မိုဘိုင်းဆက်သွယ် ရေး၊ အင်တာနက် ၀န်ဆောင်မှုများအပြင် Mobile Money ၀န်ဆောင်မှုများကိုပါ လုပ်ကိုင်ခွင့် ရထားသည်။
Mobile Money ၀န်ဆောင်မှုကို အင်းဝဘဏ်က ၂၀၁၄ ဇန်န၀ါရီက စတင် ၀န်ဆောင်မှုပေးလျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုထားခြင်း ဖြစ်သည်။
No comments:
Post a Comment