Friday, June 13, 2014

ပြည်နယ်/တိုင်းများရှိ SME လုပ်ငန်းများအတွက် ကျပ်သန်းတစ်ထောင်စီ ထုတ်ချေးပေးမည်

မို့မို့ကြည်

အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ် SMIDB က မြန်မာတစ်နိုင်ငံလုံးရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ချေးငွေများ ထုတ်ချေးပေးနိုင်ရန် ပြည်နယ် (သို့မဟုတ်) တိုင်း တစ်ခုစီသို့ ငွေကျပ်သန်း တစ်ထောင် ( တစ်ဘီလီယံ) နှုန်းဖြင့် သတ်မှတ် ထုတ်ချေးပေးမည်ဖြစ်သည်ဟု SMIDB ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင်ဌေးက ဇွန်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ SME လုပ်ငန်းတွေကို ချေးငွေထုတ်ချေးပေးနိုင်ဖို့ ပြည်နယ်(သို့မဟုတ်) တစ် ခုစီကို ကျပ်သန်း တစ်ထောင်နှုန်းသတ်မှတ် ပေးထားပါတယ်။ နေပြည်တော် အပါအ၀င် ပြည်နယ်၊ တိုင်း ၁၅ ခုအတွက် သန်း တစ်တောင်စီ သတ်မှတ်ထုတ်ချေးပေးသွားမှာပါ။ သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရ အဖွဲ့တွေရဲ့ ထောက်ခံချက်နဲ့ မြန်မာတစ်နိုင်ငံလုံးက SME လုပ်ငန်းတွေကို ကျွန်တော်တို့ဘဏ်က စိစစ် ထုတ်ချေးပေးသွားမှာပါ။ ပြည်နယ်(သို့မဟုတ်) တိုင်းတစ်ခုစီအနေနဲ့ ကျပ်သန်း တစ်ထောင် ထက်တော့ ပိုချေးခွင့် မရှိပါဘူ။ ဒီအစဉ်ကို အခုဇွန်လထဲမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါပြီ” ဟု ၎င်း ကဆိုသည်။

ချေးငွေများကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့်ထုတ်ချေးပေးမည်ဖြစ်ပြီး ချေးငွေသက်တမ်းမှာ ၃ နှစ် ဖြစ်သည်ဟုလည်း ဦးတင်မောင်ဌေးက ပြောသည်။ “ မြန်မာ့စီးပွားရေးဘဏ်က ဒီနှစ်မှာ ကျွန်တော်တို့ ဘဏ်ကိုချေးငွေ ကျပ်ဘီလီ ယံ ၂၀ ထတ်ချေးပေးခဲ့ပါတယ်။ခါတိုင်းနှစ်တွေဆိုရင် ဒီလောက် ထုတ်ချေးပေး တာမျိုး မရှိဘူး။ မြန်မာ့စီးပွားရေးဘဏ်က ကျွန်တော်တို့ဘဏ်ကို အတိုးနှုန်း ၈ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးပါတယ်” ဟု ဦးတင်မောင်ဌေး က ပြောသည်။

SMIDB အနေဖြင့် ယခုဘဏ္ဍာရေး နှစ်အတွင်း ငွေကျပ်စုစုပေါင်း ကျပ် နှစ် ဆယ်ဘီလီယံကို မြန်မာတစ် နိုင်ငံလုံးရှိ SME လုပ်ငန်းများသို့ အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်သည်ဟု လည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများကို ငွေချေးပေးရာတွင် အာမခံပစ္စည်းထားရှိရပြီး၊ အာမခံပစ္စည်းတန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်းသာ ချေးငွေရရှသည်ဟု SME လုပ်ငန်းရှင်များက ပြောသည်။
အာမခံထားရှိမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ချေးငွေရယူရာတွင် ပိုင်ဆိုင်မှု၏ ၃၀ ရာခိုင်နှုန်းသာရရှိ ခြင်းမှာ အမှန်တကယ် ချေးငွေလိုအပ်နေသည့် လုပ် ငန်းငယ်များအတွက် လုံလောက်မှု မရှိကြောင်းနှင့် အာမခံကြေးများနှင့် ပတ်သက်၍လည်း ပြန်လည် စဉ်း စား အဖြေထုတ်ရန်လိုအပ်သည်ဟု ဆိုသည်။

ဦးတင်မောင်ဌေးကမူ “ အာမခံကြေးက လက်ရှိပြဋ္ဌာန်းထားတဲ့ ဗဟိုဥပဒေအရ ဆောင်ရွက်ရတာဖြစ်လို့ လျှော့ချပေးဖို့ အစီအစဉ်တော့ မရှိပါဘူး” ဟု ဆိုသည်။ SMIDB ဘဏ်ကို ၁၉၉၆ ခုနှစ်တွင် စတင်တည် ထောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင်ဘဏ်ခွဲပေါင်း ၁၃ ခုဖြင့် လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။

No comments: