Tuesday, December 9, 2014

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွင် ၁၈ နှစ်အောက် အမျိုးသမီးငယ်များ၌ အဖြစ်များနေကြောင်း ဆို

ဖြိုးဝေအောင်

ကယားပြည်နယ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် ၁၈ နှစ်အောက် အမျိုးသမီးငယ်များ ၌ ပို၍ အဖြစ်များနေကြောင်း ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) မှ ဆရာမီးမီးက ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ဒီမောဆိုမြို့နယ် ရူးဖယ်ခူရပ်ကွင်းတွင်းရှိ မော့ဒူကလားမေး ခန်းမဆောင်တွင် ပြုလုပ်သော နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလုပ်ရှားမှု အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အဲအကြမ်းဖက်မှုမှာ (၁၈)နှစ်အောက်ကလေးတွေ အကြမ်းဖက်တာက တော်တော်များတယ်။ ရိုးရာဓလေ့ထုံးတမ်းအရ၊ ဒါမှမဟုတ် တရားမျှတမှု တရားဥပဒေ စိုးမိုးမှုမရှိလို့လား ဒီအမှုတွေက တိတိကျကျ မပေါ်ထွက်လာသေးတာဖြစ်တယ်ပေါ့နော်။ တော်တော်လေးတော့ များနေပြီပေါ့နော်” ဟု ဆရာမ မီးမီးကပြောသည်။

ရိုးရာဓလေ့ထုံးတမ်းအရ မိရိုးဖလာပုံစံခွက်သွပ်သွင်း ခြင်း ၊မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်း စသည့်အကြောင်းအရာများမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပိုပြီးဖြစ်စေကြောင်း ဆရာမမီးမီးက ဆက်ပြောသည်။

“အဲဒါလည်းရိုးရာဓလေ့နဲ့ဆက်စပ်နေတယ်။ မူးယစ်ဆေးဝါးတွေကြောင့်ဖြစ်တယ်။ နောက်တစ်ခုကတစ်နိုင်ငံလုံးဒီပြည်နယ်အတိုင်းအတာအရလူထုတော်တော်များများကအလုပ်လက်မဲ့ဖြစ်နေတာပေါ့။ အဲလိုအလုပ်လက်မဲ့ဖြစ်နေတဲ့အခါမှာအလုပ်လက်မဲ့တော့ အလုပ်မရှိ ၊၀င်ငွေမရှိ စိတ်ညစ်တယ်ဆိုပြီးအရက်သောက်တယ် အဲလိုကနေပြီးတော့  အကြမ်းဖက်မှုတွေ ချိတ်ဆက်သွားတယ်ပေါ့နော်။” ဟု ဆရာမ မီးမီးကဆက်ပြောသည်။

လက်ရှိကယားပြည်နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အချက်အလက် Data များကိုအတိအကျ စုဆောင်းထားခြင်းမရှိသေးသော်လည်း တလအတွင်း အကြမ်းဖက်မှု ၃၊၄ ခုခန့်ဖြစ်ပေါ်လျှက်ရှိကြောင်းဆက်ဆိုသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများရပ်တန့်နိုင်ဖို့ အကြမ်းဖက်ခံနေရသော အမျိုးသမီးများကိုယ်၌က လည်း ရေငုံနုတ်ပိတ် မနေသင့်ပဲ နောက်ဆက်တွဲဆိုးကျိုးများ လိုက်ပါမလာအောင် သတ္တိရှိရှိဖွင့်ဟပြောဆိုနိုင်ဖို့ အရေးကြီးနေ ကြောင်း လည်းဆိုသည်။

Women’s Galaxy မှ မအယ်ဝါးက “ ဒီအကြမ်းဖက်ပပျောက်ဖို့ဆိုတာက အများကြီးလုပ်ဖို့လိုအပ်ပါသေးတယ်။ အမျိုးသမီးအပေါ်အကြမ်းဖက်မှုဖြစ်ပါတယ် ဆိုတဲ့ဟာကိုလူအများသိရှိအောင် လုပ်ဖို့ လည်းလိုအပ်သလိုအကြမ်းဖက်မှုဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်ကနေ အကြမ်းဖက်မှုဖြစ်တယ်ဆိုပြီးသိရှိတဲ့အခါမှာဒီအကြမ်းဖက်မှုကို ၀ိုင်းဝန်းရပ်တန့်ဖို့လည်းလိုအပ်တာပေါ့။”ဟုပြောသည်။

လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေချိန်ကာလတွင် လည်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု များဆက်လက်တည်ရှိနေပြီး ယခုလိုဒီမိုကရေစီလမ်းကြောင်းပေါ်လျောက်လှမ်းနေစဉ် ကာလတွင် ယခုလို အကြမ်းဖက်မှုများရှိမနေသင့်တော့ကြောင်းဆက်ပြောသည်။

လက်ရှိတွင် KNWO အဖွဲ့အနေဖြင့် အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လုံခြုံရေးတွင် ၀န်ဆောင်မှုပေးနေပြီး ကျေရွာများသို့ အမျိုးသမီးများ အကြမ်းဖက်မှု ဆိုင်ရာ အသိပညာပေးသင်တန်းများ ပြုလုပ်နေကြောင်းသိရသည်။

ဒီးမောဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက် မော့ဒူကလားမေး ခန်းမဆောင်အတွင်း ပြုလုပ်သော အကြမ်းဖက်မှု ဆန့်ကျင်ရေး(၁၆)ရက်သာလုပ်ရှားမှုကို နိုဝင်ဘာ(၂၅)ရက်နေ့မှ ဒီဇင်ဘာ (၁၀)နေ့အထိ “တရားမျှတမှုအတွက် မျော်လင့်ချက်သာပေးပါ” ခေါင်းစဉ်ဖြင့် Women’s Center, Women’s Safe House, Women’s Galaxy , Karenni National Women Organization တို့က ဦးဆောင်ပြုလုပ်ခဲ့သည်။

No comments: