သီဟကိုကို
တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျောက်စိမ်း လက်ကျန် များပြားနေခြင်းကြောင့် ပြည်တွင်းရှိ ကျောက်စိမ်း အရောင်း အဝယ်ဈေးကွက် အေးနေသည်ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောကြားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းများကို အဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံ ဘက်ခြမ်းမှ ဝယ်ယူထား သည့် ကျောက်စိမ်းများမှာ လက်ကျန် များပြားနေသည့်အတွက် ကျောက်စိမ်း အရောင်းအဝယ်ဈေးကွက် အေးနေခြင်းဖြစ်သည်ဟု မန္တလေးအခြေစိုက် ကျောက်စိမ်း ရောင်းဝယ်သူများက ပြောသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က “ကျောက်စိမ်းအရောင်း အဝယ် ကတော့ အေးနေတယ် ပြောရမယ်။ တရုတ်ဘက်မှာလည်း လက်ကျန်တွေ များနေတော့ ဒီဘက်ကို သိပ်ဆင်းမဝယ်ကြဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောက်စိမ်းဈေးကွက်တွင်လည်းကျောက် စိမ်းရောင်းချရမှုထက် ပယင်း ကျောက်အမျိုး အစားများ သာ ရောင်းချနေသည်ဟု ဒေသခံ ကျောက်မျက်ကုန်သည်များက ပြောသည်။
ယခုနှစ်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့ ရောင်းချရမှုသည် ယခင်နှစ်ထက် ကျဆင်းလျက်ရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ခုနစ်လ၊ ရှစ်လခန့်အတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုပမာဏ ကန်ဒေါ်လာ သန်း ၈၀၀ ကျော်သာရှိကာ ယခင်နှစ်ကာလတူထက် သန်း ၆၀ ကျော် လျော့နည်းနေခြင်း ဖြစ်သည်။
No comments:
Post a Comment