Tuesday, December 2, 2014

၂၀၁၅ နိုင်ငံရေး အပြောင်းအလဲကြောင့် မြန်မာ့စီးပွားရေး မတည်မငြိမ်ဖြစ်လာမည်ကို ပညာရှင်များ စိုးရိမ်လျက်ရှိ

သီဟကိုကို

၂၀၁၅ နိုင်ငံရေး အပြောင်းအလဲကာလ နှင့်အတူ နိုင်ငံ၏ စီးပွားရေးကဏ္ဍကို သက်ရောက်မှုများ ဖြစ်ပေါ် လာမည် ကို နိုဝင်ဘာ ၃၀ ရက်၌ ပြုလုပ်သည့် စီးပွားရေးတက္ကသိုလ် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ပညာရပ်ဆိုင်ရာဟောပြောပွဲတွင် စီးပွားရေး ပညာရှင်များက သုံးသပ်ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ စီးပွားရေး ပညာရှင်များက ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာ ချိန်တွင် နိုင်ငံရေးနှင့် ရပ်ရွာ မတည်မငြိမ်ဖြစ်မှု၊ လူပြိန်းကြိုက် မဲဆွယ်စည်းရုံးမှုများ ဖြစ်ပေါ်လာနိုင်ပြီး ယင်း နှင့် စပ်လျဉ်း၍ နိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ကမ္ဘာသိ စီးပွားရေးပညာရှင် ဒေါက်တာလှမြင့် (ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ်ဟောင်း)က နိုင်ငံရေးနှင့် စီးပွားရေးပြောင်းလဲမှုသည် ဆက်စပ်လျက်ရှိပြီး ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးကို ဦးစားပေးဆောင် ရွက်မည်ဖြစ်ရာ နိုင်ငံ၏ ရေရှည်အနာဂတ်သည် စီးပွားရေးကောင်းမွန်မှုအပေါ် မူတည်နေခြင်းကြောင့် စီး ပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံ ဘောဂဗေဒပညာရှင်များ အသင်း MEA ၏ ဥက္ကဋ္ဌ ဦးခင်မောင်ညိုက “နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးကောင်းမွန်မှာ ဖြစ်တဲ့ အတွက် ၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်မှာ နိုင်ငံရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်လာမှာကိုတော့ ဆရာတို့တွေ စိုးရိမ်တယ်” ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုဖွံ့ဖြိုးလာရေးအတွက် စီးပွားရေးမူဝါဒနှင့် နည်းပညာများကို တိုးတက် မှုရှိရန် ဆောင်ရွက်ရန် လိုအပ်ပြီး စီးပွားရေးမူဝါဒများကို ပြည်သူအများသိရှိရေးအတွက် ဖော်ပြပေးရန် လိုအပ်လျက်ရှိသည်ဟု ဒေါက်တာ လှမြင့်က ထောက်ပြ အကြံပေးခဲ့သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး(ဂျီဒီပီ) ရှစ်ရာခိုင် နှုန်းအထိ တိုးတက်လာလျက် ရှိသော်လည်း နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း မှီတင်းနေထိုင်သည့် ကျေး လက်ဒေသများရှိ စိုက်ပျိုးထုတ်လုပ်ရေး ကဏ္ဍသည် တိုးတက်မှုနှုန်း နှေးကွေးလျက် ရှိနေသည်။

မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးလာရေးအတွက် အထက်ပါစိန်ခေါ်မှုများကို ရင်ဆိုင်ရလျက်ရှိပြီး ရွေး ကောက်ပွဲကာလ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေကြောင့် စီးပွား ရေးဖွံ့ဖြိုးမှု နှောင့်နှေးသွားမည်ကို ပြည်တွင်း၊ ပြည်ပစီးပွားရေး ပညာရှင် အသိုင်းအဝိုင်းက စိုးရိမ်နေခြင်းဖြစ်သည်ဟု ပြောသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပထမငါးနှစ် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ယင်းကာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီမှစ၍ နိုင်ငံရေးပါတီတို့ မဲအနိုင်ရရေး အပြိုင်အဆိုင်ယှဉ်ပြိုင်ရန်ရှိနေသည်။ မြန်မာနိုင်ငံသို့ ၀င်ရောက် လာခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများကပင် အာဏာရပါတီအပြောင်းအလဲနှင့် နိုင်ငံရေးတည် ငြိမ်မှုရှိ၊ မရှိတို့ကို သုံးသပ်နေ ကြ၍ မြန်မာ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု နှောင့်နှေးနေသည်ဟု အစိုးရအဖွဲ့ တာဝန်ရှိသူများပင် ထုတ်ဖော်ပြော ဆိုထား ဖူးသည်။

No comments: