သျှမ်းသံတော်ဆင့်
သျှမ်းပြည်နယ်တွင် ၂၀၁၄ ခုနှစ်အတွင်း မူးယစ် ဆေးဝါး မှုပေါင်း ၂၀၀၀ ကျော်၊ တန်ဖိုး ကျပ်သန်း ပေါင်းသုံး သောင်းကျော် ဖမ်းဆီး ရမိ သည်ဟု သျှမ်းပြည်နယ် ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်း ပွဲပြု လုပ်ရာတွင် ဖော်ပြထား သည်။
အဆိုပါအမှုပေါင်း နှစ်ထောင်ကျော်တွင် မူးယစ်ဆေးဝါးအမျိုးအစားပေါင်း ၄၀ နီးပါးရှိကြောင်း နိုဝင် ဘာလ ၂၈ ရက်က တောင်ကြီးမြို့ ရဲစခန်းတွင် ပြုလုပ်သော သျှမ်းပြည်နယ်ရဲတပ်ဖွဲ့၏လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများဆောင်ရွက်မှု အခြေအနေရှင်းလင်းပွဲတွင် ရဲမှူးကြီးဝင်းထွန်းက ပြောဆိုပါသည်။
“ ၂၀၀၉ မှုရှိပါတယ်။ ဘိန်းဖြူနဲ့ ယာဘ အများဆုံးပါ။ ဘိန်းချက်စခန်းတွေလည်း ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ ပါတယ်။ သျှမ်းပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာအများဆုံးဖမ်းဆီးရမိပါတယ်။ မူးယစ်ဆေးဝါးကြောင့် ဆက်စပ်တဲ့ အမှု ကြီးတွေက လူသတ်မှု မုဒိန်းမှုတွေဖြစ်ပါတယ် ”
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရဲဘက်ဆိုင်ရာနှင့် သတင်းသမားတချို့ စုစုပေါင်း ၃၀ ခန့် တက် ရောက်ခဲ့ပါသည်။
သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ SDW ခေါင်းဆောင် စဝ်ခွန်းဆိုင် က - မြန်မာအစိုးရသည် မူးယစ်ဆေးဝါးကိစ္စ အားနိုင်ငံရေးလက်နက်သဖွယ် အသုံးပြုနေကြောင်း၊ မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် လည်း ထုတ်လုပ်သူ၊ ပင်မသက်ဆိုင်သူအား ဖမ်းဆီးခြင်းမပြုဘဲ လွှတ်ထားကြောင်း၊ အရင်းအဖျား အသေးအမွှား လက်ကားရောင်းဝယ်စားသူများသာဖမ်းဆီးကြောင်း၊ မူးယစ်ဆေးဝါးကိစ္စ အမြတ်ထုတ် နေသရွေ့ ဘယ်တော့ အခါမှ မူးယစ်ဆေးဝါးနှိမ်နင်းနိုင်မည်မဟုတ်ကြောင်း ပြောသည်။
၂၀၁၄ ခုနှစ်အတွင်း ဘိန်းဖျက်ဆီးမှုအခြေအနေမှာ တောင်ကီးခရိုင်၊ လွိုင်လင်ခရိုင် ၊ ကျိုင်းတုံခရိုင် တို့ တွင် ဘိန်းခင်း ဧကပေါင်း( ၉၈၃၇.၇၅) ဖျက်ဆီးခဲ့ပြီး ယင်းတို့အနက် တောင်ကြီးခရိုင်ရှိ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်တို့တွင် ဘိန်းခင်းဖျက်ဆီးမှု ဧကအများဆုံးတိုက်ဖျက်ခဲ့သည်ဟု မြန်မာ့ ရဲတပ်ဖွဲ့က ထုတ်ပြန်သော်လည်း အစိုးရအနေဖြင့် လက်တွေ့ ဘိန်းအစားထိုးသီးနှံ နှင့် ဈေးကွက်များ ဖန်တီး ပေးခြင်း၊ ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝ ပြုပြင်ပေးခြင်း မရှိပေ။

No comments:
Post a Comment