Tuesday, December 2, 2014

ရွေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန မွန်ပြည်နယ်တွင်ဖွင့်လှစ်

ကေသီ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ရွေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့ ပူးပေါင်းပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးတွင် ရွေ့ပြောင်းလုပ်သားများအတွက် ရွေ့ပြောင်လုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန (Migrant Resource Centre-MRC) ကို ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ရွေ့ပြောင်းအလုပ်သမားများအတွက် သတင်းအချက်အလက် အရင်းအမြစ်ဌာန ၅ ခု တည်ထောင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟု IOM က ထုတ်ပြန်ထားသည်။

“အလုပ်သမားတွေနိုင်ငံခြားအလုပ် သွားလုပ်ဖို့အတွက် မချိတ်ဆက်ပေးဘူး၊ သွားတဲ့သူတွေကလည်း သူဘာသာသူ ချိတ်ပြီးသားပဲ၊ အခက်အခဲတွေကြုံလာမယ်ဆိုရင်တော့ ရုံးကိုလာပြီးတော့ ကူညီထောက်ပံ့ပေးရာ ဌာနအဖြစ်ပဲ ကူညီပေးတယ်” ဟု မော်လမြိုင်မြို့ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ အရာရှိတစ်ဦးက ပြောသည်။

ထိုင်း၊ မလေရှားနှင့် ကိုးရီးယားနိုင်ငံတို့တွင်သာ အလုပ်သမားဝန်ကြီးဌာနမှ စေလွှတ်သည့် သံအရာရှိများ ထားရှိနိုင်ပြီး ကျန်နိုင်ငံများတွင်မရှိသေးဟု အဆိုပါအရာရှိက ပြောသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းသွားလာနေထိုင်သူ ၂.၃ သန်းမျှနေထိုင်လျှက်ရှိပြီး၊ မလေးရှားနိုင်ငံတွင် သိန်းချီ (ခန့်မှန်းခြေအားဖြင့်) နေထိုင်လျှက်ရှိကြောင်း၊ တရားမဝင်နည်းလမ်းကို အများဆုံးအသုံးပြု၍ ဒေသတွင်း ရွေ့ပြောင်းသွားလာမှုများကြောင့် လူကုန်ကူးခံရသူများအဖြစ်၎င်း၊ အမျိုးသမီး/ သားများနှင့် ကလေးသူငယ်များ အတင်းအကျပ် အခိုင်းအစေခံ အလုပ်သမားများအဖြစ်၎င်း ခေါင်းပုံဖြတ် အသုံးချရန် လူကုန်ကူးခံကြရပြီး ထိုင်းနိုင်ငံတွင်း ဖော်ထုတ်တွေ့ရှိရသော လူကုန်ကူး ခံရသူများ၏ ၅၀% ခန့်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း IOM လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

MRC ကို မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် အလားတူ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင်လည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

“ဒီ MRC ရုံး ရှိခြင်းအားဖြင့် ကျနော်တို့ ရဲဝန်ထမ်းတွေကို အကူညီတောင်းရမှာထက်စာရင် သူတို့တွေဆီမှာ အကူအညီတောင်းလို့လည်းရတယ်၊ သူတို့ (ရွေ့ပြောင်းလုပ်သား) တွေက အခက်အခဲဖြစ်လာမယ် ပြဿနာဖြစ်လာမယ်ဆိုရင် သူတို့ (အမ်အာစီ) က ကူညီဖြေရှင်းပေးမယ်၊ ကူညီဖြေရှင်းတဲ့နေရာမှာ ဥပဒေတွေနဲ့ ညှိစွန်းရင် ကျနော်တို့ဆီကို လွှဲပေးမယ် သူတို့ဆီကို ပြဿနာမျိုးစုံ ဝင်လာတဲ့အခါမှာ ကျနော်တို့အတွက် သတင်းတွေ အများကြီးရမယ်၊ ကျနော်တို့ အတွက်တော့ MRC က ရွေ့ပြောင်းလုပ်သားတွေအတွက် အကူအညီတောင်းရာ နေရာပေါ်လာတာ အများကြီး အကျိုးကျေးဇူးရှိပါတယ်” ဟု မွန်ပြည်နယ် မော်လမြိုင်လူကုန်ကူမှု တားဆီးနှိမ်းနင်းရေးအဖွဲ့မှ ရဲမှူး အေးသိန်းက ပြောသည်။

တရားဝင်နည်းလမ်း စာချုပ်စာတမ်းဖြင့် နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ပါက သွားရောက်သည့်နိုင်ငံမှ သတ်မှတ်ထားသည့် ခံစားခွင့်များကို ရရှိမည်ဖြစ်ပြီ တရားမဝင်သွားရောက်ပါက အဖမ်းခံရနိုင်ခြင်း၊ မသမာသည့် ပွဲစားနှင့်တွေ့ပါက လူကုန်ကူးခံရနိုင်သည်ဟု ရဲမှူး အေးသိန်းက ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးအုန်းမြင့်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုဝန်ကြီးနှင့် အိုင်အိုအမ်မှ Chief of Mission, Mr Kieran Gorman တို့က မော်လမြိုင်မြို့ MRC ရုံးကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

No comments: