နိုင်နိုင်ဇော်
ပုသိမ်မြို့ တန်ဖိုးနည်း အိမ်ရာ အကောင်အထည်ဖော်ရန် စီစဉ်နေပြီဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက ပြောသည်။
အဆိုပါအိမ်ရာ အကောင်အထည်ဖော်ရန် လက်ရှိအချိန်တွင် မြေနေရာရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ၂၀၁၅ နှစ်စပိုင်းတွင်စတင်တည်ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ဦးစိုင်းသက်နိုင်မိုးက “အိမ်ရာစီမံကိန်းတွေကို တစ်နိုင်ငံလုံးမှာ ဆောက်ရွက်နေသလို မကြာခင်မှာပဲ ပုသိမ်မြို့တန်ဖိုးနည်းအိမ်ရာကိုကျွန်တော်တို့ဌာနကပဲ အကောင်အထည်ဖော်သွားမှာပါ၊ အိမ်ရာတည်ဆောက်မယ့် ပုံစံကတော့ ရန်ကုန်မှာဆောက်နေတဲ့ တိုက်တွေ အတိုင်းပါပဲ။ အခန်းပေါင်း ၅၀၀ ကျော်လောက် ရှိမှာပါ” ဟု ဆိုသည်။
တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွက် ရေရရှိရေးနှင့် လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်းများ ရှိနေသည့်အတွက် ဒေသအစိုးရ အဖွဲ့အစည်း များနှင့် ဆွေးနွေးမှုများပြုလုပ်ထားပြီး နောင်နှစ်လအတွင်း တည်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထုတ်ပြန်ချက်အရ ရန်ကုန်အပါအဝင် မြို့ကြီးအများစုတွင် နှစ်စဉ်အိမ် ရာလိုအပ်ချက် ငါးသောင်းဝန်းကျင် အထိရှိနေသည့်အတွက် လိုအပ်ချက်ကို ဖြေရှင်းနိုင်ရန် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအား ၂၀၁၁ ခုနှစ်မှ ၂၀၃၀ အထိ နှစ် ၂၀ စီမံကိန်းအဖြစ်အ ကောင်းအထည်ဖော်နေခြင်းဖြစ်သည်။
အဆိုပါတန်ဖိုးနည်း အိမ်ရာစီမံကိန်း၏ ပထမ ငါးနှစ်စီမံကိန်းအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာအလုံး ပေါင်းတစ်သိန်းကိုပြည်ထောင်စုအစိုးရ ဘတ်ဂျက်အဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် တန်ဖိုးနည်းအိမ်ရာများအား တိုင်းဒေသကြီးနှင့် မြို့နယ်အလိုက်ဆောက်လုပ်နေပြီး ရန်ကုန်တွင် ရွှေလင်းပန်းတန်ဖိုးနည်း အိမ်ရာများ စတင်ရောင်းချပေးနေပြီး မန္တလေးမြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ စတင်ရောင်းချလျက်ရှိကာ ဆောက်လုပ်ဆဲ တန်ဖိုးနည်း စီမံကိန်းများလည်း ရှိနေသေးကြောင်း အိုးအိမ်ဦးစီးဌာနက ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တွင် ရွှေပေါက်ကံ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပတို့တွင် တန်ဖိုးနည်း အိမ်ရာများ ဆက်လက်တည်ဆောက်လျက်ရှိပြီး မကွေးတန်ဖိုးနည်းအိမ်ရာ၊ စစ်ကိုင်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ထပ်မံ တည်ဆောက်နေပြီ ဖြစ်သည်။
No comments:
Post a Comment