Friday, December 26, 2014

သျှမ်းပြည် တောင်ပိုင်း၌ အစိုးရ တပ်မတော် စစ်ကြောင်း မိုင်းနင်းမိ သုံးဦး ဒဏ်ရာရ

သျှမ်းသံတော်ဆင့်

ဒီဇင်ဘာ ၂၂ ရက် ၂၀၁၄ နံနက် ၈ နာရီခွဲ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့ အခြေစိုက် ခမရ ၃၃၂ က မြို့တောင်ဘက် ၁၆ မိုင်ခန့်အကွာ ခိုင်းနောင်ငင်းဒေသ နောင်လုံ(မ်) ရွာနှင့် ကန့်ကန်ရွာအကြားတွင် မိုင်းနင်းမိရာ သုံးဦးဒဏ်ရာရှိသည်ဟု ဒေသတွင်းသတင်း ရပ်ကွက်ကဆိုပါသည်။

ဒီဇင်ဘာ လဆန်းပိုင်းမှ ယနေ့ထိ မိုင်းပန်မြို့နယ်အတွင်း လမ်းဖေါက်လုပ်ရေး အကြောင်း ပြချက်ဖြင့် အစိုးရတပ်မတော် ခမရ ၃၃၂၊ ၅၂၀၊ ၅၇၅၊ ၅၇၇၊ ခလရ ၆၆ နှင့် ဆောက်လုပ်ရေး တပ်ရင်းအမှတ် ၉၂၁ တို့ အင်အားတိုးချ လှုပ်ရှားလျှက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်က သျှမ်းပြည် တပ်မ တော် RCSS/SSA နှင့် ထိပ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့ မိုင်းနင်းမိမှုတွင်လည်း သျှမ်းပြည်တပ်မတော်၏ လက်ချက် ဟုဆိုကာ ဖြေရှင်းပေးရန် ခိုလမ်အခြေစိုက် သျှမ်းပြည်တပ်မတော်၏ ဆက်ဆံရေး ရုံးတာဝန်ခံအား ရလခ စစ်တိုင်းရုံးက ပြောကြားခဲ့သည်ဟုဆို သည်။

“ခိုလမ်မှာရှိတဲ့ ကျနော်တို့ ဆက်ဆံရေးရုံးကို စစ်တိုင်းရုံးက ပြောတယ်။ ဒီတိုက်ခိုက်မှုက ကျနော်တို့အဖွဲ့ လက်ချက်၊ ဒါကြောင့်ဖြေရှင်းပေးပါတဲ့။ အမှန်တော့ ဒါက ကျနော်တို့ဒေသ၊ တောပိုင်းကျတယ်။ သူတို့ လာတာနဲ့သဘောတူညီချက်အရ ကျနော်တို့ကို အကြောင်းကြား ရမယ်။ အကြောင်းမကြားဘဲနဲ့လာတော့ ၁၄ ရက်နေ့တုန်းက ထိပ်တိုက်မှုဖြစ်တယ်။ ” - ဟု သျှမ်းပြည်တပ်မတော် အရာရှိတဦးက ပြောသည်။

ထို့အတူ ဒီဇင်ဘာ ၁၅ ရက်နေ့မှ စ၍ မိုင်းပန်မြို့အထွက် ညောင်ခမ်းလမ်းကင်းဂိတ်၌ ဖြတ်သန်းသွား လာသည့် ဒေသခံများ ခရီးသွားများ အား အမည်၊ မှတ်ပုံတင်၊ နေရပ် ဖြည့်စွက် စစ်ဆေးပြီးမှသာ သွားလာခွင့်ပြုသည်ဟု ရပ်မိရပ်ဖလုံးစိုင်းယွက် ကပြောသည်။

မန်မာအစိုးရတပ်မတော် ဆောက်လုပ်ရေးတပ်ရင်းအမှတ် ၉၂၁ က မိုင်းပန် မှ - နောင်လုံ(မ်) - ပန်ပိ - ပန်တဝိ - လွယ်ကုန်းမောဝ်း - ဝမ့်ဟတ် - နားကုန်းသို့ လမ်းဖေါက်လုပ်နေကြောင်း၊ ထိုလမ်းဖေါက်လုပ် သည့် တပ်ရင်းနှင့်အတူ အထက်ဖေါ်ပြပါတပ်များက အင်အားဖြည့်ကာ လုံခြုံရေးယူပေးခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ကျနော်တို့ထိန်းချုပ်နယ်မြေအတွင်း လမ်းဖေါက်လုပ်တယ်ဆိုတာက ကောင်းတဲ့အလုပ်။ ကျနော်တို့ ဘာမှမပြောလိုဘူး။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းမကြားဘဲ ဝင်လာတော့ တိုက်ပွဲက ဖြစ်ပြီပေါ့။ နောက်အဲဒီတပ်တွေက တိုက်ပွဲမဖြစ်ခင်ကတည်းက နမ့်တောင်း ရွာသား ကို သေနတ်ပစ် ဖေါက်ခြိမ်း ခြောက်တယ်၊ ကန့်ကန်ရွာကို ဝိုင်းရံပြီး သျှမ်းသူပုန်ကို ရှာဖွေစစ်ဆေးတယ်။ ဒါက မဖြစ် သင့်ဘူး။ ကျနော်တို့က အပစ်ရပ်ထားတဲ့ အဖွဲ့ပဲ။ ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်ပြီး အင်အားဖြည့် နေရာယူလာတယ်အခုက” - ဟု အဆိုပါ အရာရှိကပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း မြန်မာအစိုးရတပ်မတော်စစ်ကြောင်းများသည် နောင်လေဒေသခံ များအား မိုင်းပန်မြို့ တောင်ဘက်လှုပ်ရှားနေသည့် သျှမ်းပြည်တပ်တော် တပ်များအားလုံးထွက်ခွါ ပေးရန် မိုင်းပန်ဆက်ဆံရေးရုံးသို့ တောင်းဆိုခိုင်းသည်ဟု တာဝန်ရှိတဦးကသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးသည့် တပ်ဖွဲ့ဖြစ်သည်။

No comments: