Sunday, December 21, 2014

ဇန်န၀ါရီ အမျိုးသားအားကစားပွဲ ကစားသမား သောင်းနှင့်ချီ ဆင်နွှဲမည်

ရွှေအောင်

နေပြည်တော်အပါအ၀င် ပြည်နယ်တိုင်း ၁၅ ခုက အားကစားသမား ၁ သောင်းကျော်ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသားအားကစား ပွဲတော်ကို လာမယ့်ဇန်န၀ါရီလအတွင်း ကျင်းပဖို့ ရှိနေပါတယ်။

၂၀၁၅ ဇွန်လ စင်ကာပူဆီးဂိမ်းပွဲဝင်ပြိုင်မယ့် လက်ရွေးစင်အားကစားသမားတွေ ထွက်ပေါ် လာစေရေး ရည်ရွယ်ကျင်းပမှာဖြစ်ပြီး ယခင်အမျိုးသားအားကစားပွဲတွေလို ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားတွေကို ငွေကုန်ကြေးကျခံပြီး တခမ်းတနား မလုပ်တော့ဘူးလို့ အားကစားဝန်ကြီးဌာန၊ ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။

အမျိုးသားအားကစားပွဲတော်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၈ ရက်ကနေ ၂၄ ရက်အထိ နေပြည်တော်မှာပြုလုပ်မှာဖြစ်ပြီး အားကစားနည်း ၂၇ မျိုး ထည့်သွင်းကျင်းပမှာလည်း ဖြစ်ပါတယ်။

အားကစားပွဲမှာလက်ရှိလက်ရွေးစင်အားကစားသမားတွေလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပြီး ပြည်နယ်တိုင်းကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြရမယ်လို့ ညွှန်မှူး ဦးဌေးအောင်က ပြောပါတယ်။

“လာမယ့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အားကစားသမားတွေက သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်အသီးသီးမှာ ရှိပြီးသားပါ။ သူတို့ကတော့ ပြိုင်ပွဲအတွေ့အကြုံ ရရှိရေးအတွက် ၀င်ပြိုင်ကြမှာပေါ့။ နောက်မျိုးဆက်သစ်တွေကလည်း ဒီပြိုင်ပွဲမှာ သူတို့နဲ့ယှဉ်ပြိုင်ပြီးတော့ သူတို့နဲ့ ခြေရည်တူ လက်ရည်တူယှဉ်ပြိုင်နိုင်တဲ့သူတွေကို အသက်အရွယ်လည်း ငယ်မယ်ဆို မျိုးဆက်သစ်အနေနဲ့ ရွေးချယ်ခေါ်ယူပြီးတော့ စခန်းသွင်းလေ့ကျင့်ပေးမှာပါ။”


အရင် န၀တ၊ နအဖ စစ်အစိုးရလက်ထက်ပြုလုပ်ခဲ့တဲ့ အမျိုးသားအာကစားပွဲတွေဟာ ငွေကုန်ကြေးကျများပြီး ဟန်ပြသက်သက်ဖြစ်ခဲ့ရုံမက ပြောပလောက်တဲ့ နိုင်ငံ့လက်ရွေးစင်တွေ လည်းထွက်ပေါ်ခဲ့ခြင်းမရှိဘူးလို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

အမျိုးသားအားကစားပွဲတော်ကျင်းပတာနဲ့ပတ်သက်လို့ ၀ါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က “အမျိုးသားအားကစားပွဲတော်လုပ်တာ ကျနော့်အမြင် ပြောရရင်တော့ စောနေသေးတယ်ဗျ။ နိုင်ငံတကာ အားကစားနည်းတွေဖြစ်တဲ့ ပြေးခုန်ပစ်၊ ရေကူး၊အလေးမစတဲ့ အားကစားနည်းတွေ အားနည်းနေသေးတာကို အားကစားနည်းအလိုက် ပြုစုပျိုးထောင်ပေးသင့်တယ်။ ဒီအရေးကြီးတဲ့ အားကစားနည်းတွေကို အရင်တုန်းကလို တိုင်းနဲ့ပြည်နယ်အားလုံးမှာပြန်ပြီး အခြေစိုက်ပြီးခါမှ လုပ်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့်လည်း လုံးဝမလုပ်တာထက်စာရင် လုပ်တာကတော့ ပိုကောင်းပါတယ်၊ ကျစ်ကျစ်လစ်လစ်နဲ့ စနစ်တကျလေးတော့ ဖြစ်စေချင်ပါတယ်” လို့သုံးသပ်ပါတယ်။

အခုတကြိမ်ကျင်းပမယ့် အမျိုးသားအားကစားပွဲတော်ဟာ ၄ ကြိမ်မြောက်ဖြစ်ပြီး ၁၉၉၂၊ ၁၉၉၄ နဲ့ ၁၉၉၇ တို့က အမျိုးသားအားကစားပွဲတော်တွေ မြန်မာနိုင်ငံမှာ ကျင်းပခဲ့ဖူးပါတယ်။

No comments: