Sunday, December 21, 2014

၂၀၁၅ တွင် ပြည်ပလုပ်ငန်းများ ရုံးခန်းနေရာရရှိရန် ခက်ခဲနိုင်ပြီး အိမ်ခြံမြေဈေးကွက် ပိုမိုတိုးတက်လာနိုင်

ထင်လင်းအောင်

မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားလုပ်ငန်းများသည် ရုံးခန်းနေရာ ငှားရမ်းမှု ရရှိနိုင်ရေးအတွက် ကြီးမားသည့် အခက်အခဲဖြစ်လာမည်ဟု မြန်မာ့အိမ်ခြံမြေဆိုင်ရာ အွန်လိုင်းဈေးကွက် ဝန်ဆောင်မှုဖြစ်သော House.com.mm က ထုတ်ပြန်လိုက်သည်။

ထို့အပြင် မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် ၂၀၁၅ ခုနှစ်တွင် ပိုမိုတိုးတက်လာနိုင်မည်ဟု House.com.mm က ၎င်းတို့ သုတေသနပြုခဲ့ သည့် ဈေးကွက်စစ်တမ်းအပေါ် အခြေပြုကာ ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်အခွင့် အလမ်းများအရ မြို့နေလူဦးရေ ပိုမိုထူထပ်လာမှုသည် ဈေးကွက်လိုအပ်ချက် အပေါ်ပိုမို အကျိုးသက်ရောက်စေခြင်း ဖြစ်သည်။ ထို့အပြင် ရုံးခန်းငှားရမ်းနေရာမလုံ လောက်သေးခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်နေ သည့် မြန်မာနိုင်ငံအတွက် ရုံးခန်းနေရာရရှိ မှုကို ခက်ခဲစေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရဌာနဖြစ်သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနတို့က ဆောက်လုပ်ရေးစီမံကိန်း အများအပြားကို ဖော်ဆောင်နေကြလျက် ရှိသည်။ သို့သော် စီမံကိန်းအများစုသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ မပြီးနိုင်သဖြင့် ၂၀၁၅ ခုနှစ်သည် အိမ်ဈေးနှုန်းများနှင့် ရုံးခန်းဈေးနှုန်း မြင့်တက်မှုများ ထပ်မံရှိနိုင်မည်ဟု ဖော်ပြပါရှိသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန DICA ၏ ထုတ်ပြန်ချက်အရ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းများအတွင်း ဝင်ရောက်ထားသည့် မြှုပ်နှံမှုပမာဏသည် နိုဝင်ဘာလအထိ နိုင်ငံခြားရင်းနှီး မြှုပ် နှံမှု ကန်ဒေါ်လာ ၂,၁၂၀ သန်းနှင့် နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုသည် ဇူလိုင်လအထိ ကျပ် ၁၆၇,၃၇၃ သန်းရှိသည်ဟု ဆိုသည်။

၎င်းရင်းနှီးမြှုပ်နှံမှုများ ရှိနေသော်လည်း ရုံးခန်းနေရာ ငှားရမ်းမှုအတွက် ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်း နိုင်မှုမရှိသဖြင့် ဈေးနှုန်း ကြီးမြင့်လာသည့်အပြင် ငှားရမ်းရရှိမှု အခက်အခဲမှာလည်း ကြီးလာမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ရုံးခန်းနေရာပမာဏမှာ စတုရန်းမီတာ ၅၀,၀၀၀ သာရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်၌ စတုရန်းမီတာ ၁၅၀,၀၀၀ အထိ တိုးတက်လာခဲ့သည်။ သို့ရာတွင်ဈေးကွက်၏ တောင်းဆိုမှု ကို အပြည့်အ၀ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်နေဆဲဖြစ်သည်ဟု နိုင်ငံတကာ အိမ်ခြံမြေလုပ်ငန်း အကျိုးဆောင်တစ်ခုဖြစ်သည့် Colliers International အဖွဲ့မှ ထုတ်ပြန်ချက်အပေါ် House.com.mm က ထပ်မံ ကိုးကားဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ဒေသတွင်းရုံးခန်းနေရာ ထောက်ပံ့ပေးနိုင်မှုစာရင်းဇယား၌ အောက်ဆုံးအဆင့်ရောက် ရှိနေပြီး ဈေးနှုန်းသည် တစ်စတုရန်း မီတာလျှင် ကန်ဒေါ်လာ ၁၀၀ ကျော်ရှိနေခြင်းဖြစ်သည်။ မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့သည် စတုရန်းမီတာ ကိုးသန်းကျော်ဖြင့် ဒေသ တွင်း ရုံးခန်းနေရာ ကူပံ့နိုင်မှုထိပ်ဆုံး နိုင်ငံအဖြစ် ရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယခု ၂၀၁၄ ခုနှစ်၏ အိမ်ခြံမြေဈေးကွက် အခြေအနေသည် အခွန်နှုန်းထားများကြောင့် ထူးခြားမှုမရှိခဲ့သော်လည်း အွန်လိုင်းဈေးကွက် အသုံးပြုမှု ပိုမိုမြင့်တက်လာသည်ဟု ဆိုသည်။

No comments: