ကိုထွေး
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ဗြိတိန် ၂ ဦး အသတ်ခံရမှုအပေါ် တာဝန်ရှိသူတွေရဲ့ အမှုစစ်ဆေးချက်ကို ယုံကြည်တယ်လို့ ကျန်ရစ်သူ မိသားစုတွေက ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ဖမ်းဆီးထားတဲ့ မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ကော်စမွီခရိုင် အစိုးရရှေ့နေကောင်စီဘက်က တရားလိုပြုကာ အမှုပေါင်း ၇ မှုနဲ့ ဒီဇင်ဘာ ၅ ရက်နေ့ တရားရုံးတင်အပြီးမှာ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အသတ်ခံရတဲ့ ဟဲန်နာ ၀စ်သ်သာရဲ့ ထုတ်ပြန်ချက်မှာတော့ ထိုင်းကို သွားရောက်ပြီး အမှုကိစ္စကို ပြန်လည်လေ့လာခဲ့တဲ့ ဗြိတိန်က ထောက်လှမ်းရေးနဲ့ ထိုင်းရဲတွေရဲ့ ပူးပေါင်းဆောင်ရွက်ချက်ကို ကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။
ထောက်လှမ်းရေးတွေပြန်ရောက်လာပြီး မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် စုံစမ်း စစ်ဆေးမှု အသေးစိတ်ကို သိခွင့်ရသလို တော်ဝင်ထိုင်းရဲတပ်ဖွဲ့က အမှုတွဲကို တရားရုံးမတင်ခင် အထိ ဒီအသေးစိတ်ကို လူသိရှင်ကြား မကြေညာဖို့ လိုအပ်ချက်ကို လေးစားတယ်လို့ ဆိုပါတယ်။
ဒါအပြင် အချက်အလက် အပြည့်အစုံမရှိဘဲ ဒီအဆင့်မှာ မှတ်ချက်တွေ လုပ်ဆောင်နေတဲ့ သတင်းမီဒီယာနဲ့ လူထုကိုလည်း အသိပေးလိုတယ်လို့ ရေးပါတယ်။ လက်ရှိ သတင်းထုတ်ပြန်ချက်တွေက မိသားစုကို စိတ်အနှောင့် အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။
မေလာ မိသားစုရဲ့ ထုတ်ပြန်ချက်မှာတော့ သံသယရှိတဲ့ မြန်မာ ၂ ဦးအပေါ် ထောက်ခံချက်က ကျယ်လောင် ခိုင်မာသလို လူထုအနေနဲ့ အပြီးသတ်ကောက်ချက်မချဖို့ တိုက်တွန်းထားကြောင်း ရဲတွေက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် သံသယရှိသူတွေကလည်း ဖြေဆိုဖို့ အခက်အခဲတွေရှိနေသလို သူတို့ကို ဆန့်ကျင်တဲ့ သက်သေတွေကလည်း ခိုင်မာတယ်လို့ ရေးပါတယ်။
ဒီစွပ်စွဲချက်တွေကို သူတို့က တုံ့ပြန်ရမှာ ဖြစ်သလို သူတို့ရဲ့ အကြောင်းပြချက်ကိုလည်း တရားလိုဘက်ကနေ စေ့စေ့စပ်စပ် စဉ်းစားရမယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

No comments:
Post a Comment