Monday, December 22, 2014

‘အောင်ပွဲသို့ချီရာဝယ်’ ၀တ္ထုဖြင့် အမျိုးသားစာပေဆုရရှိခဲ့သည့် ရခိုင်စာရေးဆရာ ဖိုးကျော့ စစ်တွေတွင် စာပေဟောပြော

စံမောင်သန်း

‘အောင်ပွဲသို့ချီရာဝယ်’ ၀တ္ထုဖြင့် အမျိုးသားစာပေဆုရရှိခဲ့သည့် စာရေးဆရာ ဖိုးကျော့သည် ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်တွေ၌ ပြုလုပ်သော နှစ် (၄၀) မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာပေ ဟောပြောပွဲသို့ လာရောက်ဟောပြောသွားခဲ့သည်။

ဆရာ ဖိုးကျော့က “တရုတ်တစ်ယောက်တည်းဆိုရင် ကြိုးစားပြီးအလုပ်လုပ်တယ်။ နှစ်ယောက်စုမိပြီဆိုရင် ပြိုင်ဆိုင်ပြီး စီးပွားရေး လုပ်တယ်။ သုံးယောက်စုမိရင် စုပေါင်းပြီး စီးပွားရေးလုပ်တယ်။ ဒါပေမယ့် မြန်မာအတွက် ဆောင်ပုဒ်ကျတော့ တစ်ယောက်တည်းဆိုရင် အိပ်တယ်။ နှစ်ယောက်ဆိုရင် ရန်ဖြစ်တယ်။ သုံးယောက် စုမိရင်တော့ ဖဲရိုက်ကြတယ်” ဟု ဟောပြောသည်။

သို့အတွက် မိမိတို့လူမျိုး ကြီးပွားကြီးပွားကြောင်း လုပ်လိုလျှင် မကောင်းသော အလေ့အထ အစဉ်အလာ များကို ဖျောက်ပစ်ရမည်ဟု ဆရာကဆိုသည်။

“ ရခိုင်စာရေးဆရာ ဦးဖိုးကျော့ဟာ ကြမ်းတမ်းခက်ထန်လွန်းလှတဲ့ ဘ၀ကိုတွေကို ဖြတ်သန်းလာခဲ့ရသူ ဖြစ်တယ်။ ရိုးမတောင်ကို အမ်းတောင်ကြားလမ်းကတဆင့် နွားကျော်သူတွေနဲ့ အတူ ဖြတ်ပြီး ရန်ကုန်မြို့ကို လိုက်ပါခဲ့သူဖြစ်တယ်” ဟု စာပေဟောပြောတွင် ဦးဖိုးကျော့နှင့် အတူ ဟောပြောသူ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်က ဆရာ ဖိုးကျော့အကြောင်း မိတ်ဆက် ဟောပြောသည်။

ဦးဖိုးကျော့၏ အထင်ရှားဆုံး ၀တ္ထုနှစ်ပုဒ်မှာ ဆင်လိုက်ဝတ္ထုနှင့် အောင်ပွဲသို့ချီရာဝယ် ဆိုသည့်ဝတ္ထုများဖြစ်သည်။ ဆင်လိုက်ဝတ္ထုကို အလယ်တန်းပြ ကျောင်းသုံးစာအုပ်တွင် ထည့်သွင်းဖေါ်ပြခံရပြီး၊ အောင်ပွဲသို့ချီရာဝယ် ၀တ္ထုဖြင့် ဆရာသည် အမျိုးသားစာပေဆုရရှိခဲ့သည်။ ယင်းအပြင် ဆရာဦးဖိုးကျော့၏ ၀တ္ထုများကို ဂျပန် ဘာသာနှင့် ဗီယက်နမ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေမှုများ ရှိခဲ့သည်ဟု အခမ်းအနားမှူးက စာပေ ဟောပြောပွဲတွင် ပြောကြားသည်။

၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရသည့် ဦးကျောက်တောင် ကလည်း ရခိုင်ပြည်နယ်၏ လက်ရှိပညာရေးနှင့် ယခင်ပညာရေးအခြေအနေများကို မီးမောင်းထိုး ဟောပြောခဲ့သည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ ၁၈၂၄ အင်္ဂလိပ်လက်အောက်ကို ကျရောက်ပြီးခဲ့တဲ့နောက်ပိုင်း ကျွန်တော်တို့ ရခိုင်တွေဟာ အိန္ဒိယနိုင်ငံ ဒါဂျီလန် တက္ကသိုလ်မှာ တက်ရောက်သင်ကြားခွင့် ရရှိခဲ့တဲ့အတွက် ပညာ တတ်မြောက်မှု အလွန်အားကောင်းခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိတဲ့နောက်ပိုင်းမှာဆိုရင် ရခိုင်လူမျိုးတွေက ပညာတတ်လို့ ၀န်ကြီးဌာနအားလုံးရဲ့ အတွင်းဝန်ဟာ ရခိုင်တွေချဉ်းပဲ။ အတွင်းဝန်ဆိုတာ ၀န်ကြီးကို လမ်းညွှန်တဲ့ သူပဲဟု” ဦးကျောက်တောင်ကပြောသည်။

သူကဆက်လက်၍ ပညာမတတ်သည့် လူမျိုးကို ပညာတတ်သည့်လူမျိုးက ကြီးစိုးသည်။ ပညာတတ်သည့် လူမျိုးကို ပညာပိုတတ်သည့် လူမျိုးက ကြီးစိုးသည်။ ယခု လက်ရှိ ရခိုင်ပြည်နယ်၏ စာမေးပွဲ အောင်ချက်မှာ ၂၀ ရာခိုင်နှုန်းသာရှိပြီး မွန်ပြည်နယ်၏ စာမေးပွဲအောင်ချက်မှာ ၄၀ ရာခိုင်နှုန်းရှိသည်ဟု နိုင်းယှဉ်ပြီး ရခိုင်ပြည်နယ် ပညာရေး နိမ့်ကျနေပုံကို ဟောပြောသည်။

စာပေဟောပြောပွဲ ပြုလုပ်ရခြင်း စာပေဗဟုသုတ ရရှိရန် အတွက် ဖြစ်ကြောင်း စီစဉ်သူ ရခိုင်ပြည်နယ် သတင်းစာဆရာများ အသင်းဥက္ကဌ စာရေးဆရာ ကျွန်သားငမန်းကပြောသည်။

“ ကျောင်းသားလူငယ်တွေ အပါအ၀င် ရခိုင်ပြည်သူလူထု တစ်ရပ်လုံး စာပေဗဟုသုတ ရစေဖို့၊ အသိပညာတွေ ရရှိစေဖို့၊ စာပေ ဗဟုသုတနဲ့ အသိပညာဖြင့် မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အသုံးချနိုင်စေဖို့၊ စာမတတ်သူ၊ စာမဖတ်သူများအတွက်လည်း အထောက်အကူဖြစ်ဖို့ စတဲ့ ဒီလို ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာပါ” ဟု ပြောသည်။

စာပေဟောပြောပွဲတွင် အကယ်ဒမီဆုများပိုင်ရှင် ရုပ်ရှင်မင်းသားကြီး ဦးနေအောင်နှင့် ရခိုင် အဆိုတော် ညာစိမ်းခိုင်တို့က သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

စာဟောပြောပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ၀န်ကြီး တချို့ အပါအ၀င် ပရိသတ် ၆၀၀ ခန့်က တက်ရောက် နားထောင်ခဲ့ပြီး အခမ်းအနားကို ည ၇ နာရီကျော်တွင် စတင်ပြီး ၁၁ နာရီ ခန့်တွင် ပြီးဆုံးခဲ့သည်။

No comments: