ရွှေဟင်္သာ
မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာ၌ တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ စီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူမှု အကျိုးဆက် သက်ရောက်မှု လေ့လာ ဆန်းစစ်ရေး (EIA, SIA) အဖွဲ့သည် ထိုဒေသအား သွားရောက် လေ့လာ စဉ်၌ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဟု ပြောဆိုကာ လေ့လာ ဆန်းစစ်မှု ပြုလုပ် သွားကြောင်း ရေးမြို့ လူမှု အကျိုးဆောင် အဖွဲ့၏ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
"သူတို့က စက်ရုံ စီမံကိန်း တည်မဲ့ နေရာ ကိုဘဲ သွားပြီး ကြည့်တယ်။ သူတို့ကတိုယိုထိုင်း ကမဟုတ်ပါဘူး။ သူတို့ ပြောတာက သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ကပါလို့ ပြောတယ်။ ပုံမှား ရိုက်တယ်။ အဲဒီ အဖွဲ့မှာ ပါတဲ့ အမျိုးသမီး တွေက ဒီလိုဘဲ ပြောသွားတယ်။ ဘယ်သူ နဲ့မှလဲ တွေ့မသွားဘူး။ အုပ်ချုပ်ရေးမှူးကို ၀င်တွေ့တယ်။ အုပ်ချုပ်ရေးမှူး တယောက်နဲ့ လိုက်ပြ ခိုင်းတယ်။ အဲဒီလို လျှောက်ပတ် ကြည့်ပြီး တာနဲ့ ဘယ်သူ့ ကိုမှ စကား မပြောဘဲ ပြန်လာတာ။ သူတို့က ဒီနေ့ လေယာဉ်နဲ့ ချက်ခြင်း ပြန်ရမှာ၊ အင်တာဗျူး မေးမြန်း တာလဲ မဖြေဘူး” ဟု ဦးအောင်နိုင်ဝင်းက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောကြားသည်။
ဒီဇင်ဘာလ (၁၉) ရက်နေ့၌ အံဒင် ကျေးရွာသို့ လာရောက် ခဲ့သည့် ထို EIA, SIA လေ့လာ ဆန်းစစ်ရေး အဖွဲ့တွင် အင်္ဂလန်အခြေစိုက် Environmental Resource Management (ERM) ကုမ္ပဏီမှ ဗြိတိသျှလူမျိုး ဒေါက်တာ Robin Kennish ၊ ကနေဒါ နိုင်ငံသား ပညာရှင် တဦး Toyo-Thai Group ကုမ္ပဏီမှ ထိုင်း လူမျိုး (၃) ဦး နှင့် မြန်မာ အင်ဂျင်နီယာ (၃) ဦး အပါအ၀င် အဖွဲ့ဝင် (၉) ဦးတို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ EIA, SIA အဖွဲ့သည် အစိုးရ ခွင့်ပြုချက် အရ လာရောက် ခဲ့သည် မဟုတ်ဟုလည်း အံဒင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာ (၁၉) ရက်နေ့၌ ပြောကြား ခဲ့သည်။
“သူတို့ တာဝန် ကတော့ လေ့လာဖို့ အတွက်ဘဲ။ စက်ရုံ တည်ဆောက်ဖို့ မဆောက် ဖို့က သူတို့နဲ့ မဆိုင် ဘူးတဲ့။ သူတို့က စမ်းသပ် လေ့လာ ရုံဘဲ။ အရင်က ပြည်နယ် ၀န်ကြီး ချထားပေးတဲ့ နေရာကို ကျနော်တို့ အဖွဲ့က လိုက်ပြ တာဘဲ။ သူတို့ လာတာ ကလဲ အစိုးရ ကနေ ခွင့်ပြုချက် ရလို့ လာတာ မဟုတ်ဘူး ဆိုတော့ သူတို့ လေ့လာ ပြီးတာနဲ့ ပြန်သွား တာပဲ” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ရွှေဟင်္သာ သတင်းဌာနာအာား ပြောသည်။
မွန်ပြည်နယ် ရေးမြို့နယ်ရှိ အံဒင် ကျေးရွာ၌ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး အတွက် လက်ရှိ အထိလည်း ပြည်ထောင်စု အစိုးရမှ တည်ဆောက်ရန် ခွင့်ပြုကြောင်း ဆုံးဖြတ်ချက် ချထားခြင်း မရှိသေးပဲ လေ့လာ ဆန်းစစ်မှု လုပ်ဆောင် နေသည့် အနေအထား ၌သာ ရှိနေဆဲဟု မွန်ပြည်နယ် စီးပွား/စီမံ ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ အတည်ပြု ပြောသည်။
ဒီစက်ရုံနဲ့ ပက်သက် ပြီးတော့ ဘယ်လုပ်ငန်းဘဲ ဖြစ်ဖြစ် ပေါ့လေ။ ကောင်းကျိုး ဆိုတာ ရှိမယ်။ ဆိုးကျိုး ဆိုတာ ရှိမယ်။ ဒီကောင်းကျိုး ဆိုးကျိုး တွေကိုကျွန်တော်တို့ အသေအချာ လေ့လာ ပြီးမှ အားလုံး ညှိနှိုင်း ပြီးမှ လုပ်သင့် မလုပ်သင့် ဆုံးဖြတ် ရမဲ့ဟာ။ နိုင်ငံတော် အစိုးရက ဒါမလုပ် နဲ့လို့ သူမပြောဘူး။ လုပ်ပါ လို့လဲသူ တိုက်တွန်း ထားတာ မရှိဘူး။ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဖြစ်တယ် ဆိုတော့ ပြည်နယ် အစိုးရက ခွင့်ပြုလို့ ရတာ မဟုတ်ဘူး။ သူတို့ရဲ့ လေ့လာ တွေ့ရှိချက် အပေါ် ပြည်ထောင်စု အစိုးရက ဆုံးဖြတ်မဲ့ ဟာဘဲ။ ပြည်နယ် အစိုးရက လျှပ်စစ်မီး လိုအပ် ချက်ကိုတော့ ဘယ်နည်းနဲ့ ဖြည့်မလဲ ဆိုတော့ အမျိုးမျိုးဘဲ စဉ်းစားတယ်” ဟု မွန်ပြည်နယ် စီးပွား/စီမံ ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောကြား ခဲ့သည်။
မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာတွင် တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ စီမံကိန်းကို ရပ်ဆိုင်းရေး အတွက် ဒီဇင်ဘာ (၁၄) ရက်နေ့တွင် ရေးမြို့နယ် ဒေသခံများ လူမှု အဖွဲ့ အစည်း များမှ အင်အား (၄၀၀) ကျော် ကန့်ကွက် ဆန္ဒပြ ခဲ့ကြ သကဲ့သို့ ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ဒေသခံ ဆရာတော် များမှ မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် တွေ့ဆုံပြီး စက်ရုံ စီမံကိန်းအား ရပ်တန့် ပေးရန် အတွက် တောင်းဆို ထားခဲ့ ပါသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်နေ့ ၌လည်း ဤကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုး များကို ဒေသခံများ သိရှိ နားလည် နိုင်ရန် အတွက် Toyo Thai ကုမ္ပဏီမှ ကုန်ကျစရိတ် ကျခံကာ ထိုင်းနှင့် ဂျပန် နိုင်ငံရှိ ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ များအား လေ့လာ နိုင်ရန် မွန်ပြည်နယ် ဒေသခံ (၁၅) ဦးကို ထိုင်းနှင့် ဂျပန် နိုင်ငံများသို့ စေလွှတ် ခဲ့ပါသည်။
မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာတွင် တည်ဆောက်မည့် ၁၂၈၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် Toyo-Thai Group ကုမ္ပဏီမှ ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင် ကွင်းဆင်း လေ့လာ တိုင်းထွာ ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း (၂၇၀၀) အကုန်ကျခံ တည်ဆောက်ရန် စီစဉ် ထားကာ နှစ် (၃၀) စီမံကိန်းနှင့် လုပ်ကိုင်ရန် ကုမ္ပဏီမှ ရည်ရွယ် ထားကြောင်း စီမံကိန်း အကျဉ်း ချုပ်ပါ ဖော်ပြချက် အရ သိရှိ ရသည်။

No comments:
Post a Comment