မောင်မန်း
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ GSM ဖုန်းများတွင် E-TopUp စနစ် စတင်အသုံးပြုနိုင်ပြီဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ စနစ်မှာ ငွေဖြည့်ကတ်ဖြင့် အသုံးပြုသော စနစ်မဟုတ်ဘဲ ဝယ်ယူသည့်ဆိုင်မှ တစ်ခါတည်း ဖြည့်ပေးလိုက်ခြင်းဖြစ်သည်။
ဦးမြင့်သိန်းထွန်းက "E-TopUp စနစ်ကို စပြီး သုံးလို့ရနေပါပြီ။ E-TopUp ရတဲ့ ဆိုင်တွေမှာ သွားဖြည့်ရင် ငွေဖြည့်ကတ် စက္ကူကို မသုံးတော့ဘဲတစ်ခါတည်း ဖြည့်ပေးမှာပါ" ဟု ဆိုသည်။
E-TopUp စနစ်ကို Elite Tech အပါအဝင် ကုမ္ပဏီများတွင် စတင်ဝန်ဆောင်မှုပေးနေပြီဟုလည်း ဦးမြင့်သိန်းထွန်းက ဆိုသည်။ ငွေဖြည့် လိုသူများအနေဖြင့် E-TopUp စနစ်အသုံးပြုပြီး ဝယ်ယူလိုပါက အရောင်းဆိုင်တွင် ငွေပေးချေပြီး ဖုန်းအတွင်း ဘေလ်ကို ထည့်ပေးမည်ဖြစ်သည်ဟု Elite Tech အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၎င်းက "ကိုယ်တိုင်သုံးဖို့ ဖြည့်တယ်ဆိုရင် အရောင်းဆိုင်မှာ လာပြီးငွေပေးပြီး ဖြည့်လို့ရပါတယ်။ ကတ်နဲ့ မဟုတ်ဘဲ ဖုန်းထဲကို တစ်ခါတည်းထည့်ပေးမှာပါ" ဟု ဆိုသည်။
ယင်းစနစ်ဖြင့် ရောင်းချလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးချုပ်တွင် အကောင့်လာလုပ်ရမည်ဖြစ်သည်။
"Password တစ်ခု ပေးလိုက်မယ်။ ကိုယ့်ဆီက ငွေဖြည့်မယ့်သူလာဝယ်ရင် *125* AMOUNT PHONE NUMBER PASSWORD # ကို ရိုက်ထည့်ပေးရမယ်။ ဒါဆိုရင် ကိုယ်ထည့်ချင်တဲ့ ဖုန်းနံပါတ်ကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ငွေရောက်သွားမယ်" ဟု ၎င်းကဆိုသည်။
E-TopUp စနစ်သည် တစ်ဦးချင်း ငွေဖြည့်သူများထံ ထပ်ဆင့်ရောင်းချမည့် သူများအတွက် အဆင်ပြေသည်ဟု ဖုန်းငွေဖြည့်ကတ် ရောင်းချနေသူ တစ်ဦးက ဆိုသည်။
၎င်းက" အရင်က ကတ်တွေဆို အလုပ်ရှုပ်တယ်။ ငွေမဝင်ဘူးဆိုတဲ့ ပြဿနာတွေရှင်းရတယ်။ အခုလိုဆိုရင် ပြဿနာ မရှိတော့ဘူး" ဟု ဆိုသည်။
အဆိုပါ E-TopUp ဖြင့် ငွေဖြည့်ပေးသည့် စနစ်ကို ပြည်ပ အော်ပရေတာ တယ်လီနော ကလည်း အသုံးပြုနေပြီး အူးရီးဒူးကလည်း ယင်းသို့ ဝန်ဆောင်မှု ပေးရန် စီစဉ်နေပြီ ဖြစ်သည်။
No comments:
Post a Comment