Sunday, March 29, 2015

ယခင်ဘဏ္ဍာနှစ်အောက် သစ်တောထွက်ကုန်တင်ပို့မှု ၉၀ ရာခိုင်နှုန်းကျော် ကျဆင်း

နိုင်နိုင်ဇော်

ယခု ၂၀၁၄-၁၅ဘဏ္ဍာနှစ် သစ်တော့ထွက် ပစ္စည်းတင်ပို့မှု ယခင်ဘဏ္ဍာနှစ်ထက် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

သစ်တောထွက် ကုန်တင်ပို့မှုတွင် နိုင်ငံတော်အပိုင်း၌ သိသိသာသာ ကျဆင်းသွားပြီး ပုဂ္ဂလိက ပိုင်းတင်ပို့မှုမှာ သိသာစွာ ကျဆင်သွားခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“တင်ပို့မှုကျတယ်ဆိုတာ သစ်လုံး မတင်ပို့တော့လို့ပါ။ အရင်တုန်းကတော့ စီးပွားရေးရှုထောင့်က ကြည့်ပြီး လုပ်ခဲ့ပေမယ့် အခုအစိုးရပိုင်းက သစ်တော သယံဇာတပိုင်းကို ပိုပြီးအလေးထားလာလို့ တင်ပို့မှုလျှော့ချထားတာပါ” ဟု ၎င်းက ရှင်းပြသည်။

ယခင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် မတ်လ ၂၀ ရက်အထိ နိုင်ငံတော်အပိုင်းမှ သစ်တောထွက်ကုန်တင်ပို့မှာ အမေရိကန် ဒေါ်လာ ၈၂၂သန်းကျော်၊ ပုဂ္ဂလိကပိုင်းမှလည်း ၇၁ သန်းအထိ အသီးသီးရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတော်အပိုင်းမှ ကန်ဒေါ်လာ ၈၈ သန်းကျော်သာ တင်ပို့ထားပြီး၊ ပုဂ္ဂလိကပိုင်းမှ ကန်ဒေါ်လာ ၇၅ သန်းဖိုးသာ တင်ပိုနိုင်ခဲ့သည်။

အစိုးရမှ သစ်အလုံးလိုက် တင်ပို့မှုအား ၂၀၁၄ ဧပြီ ၁ ရက်မှ အပြီးပိုင် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယခုနှစ်တွင် အချောထည်တင်ပို့မှုသာဆက်လက်လုပ်ဆောင်နေခြင်းကြောင့် သစ်တောကဏ္ဍမှ ပို့ကုန်တန်ဖိုးကျဆင်း သွားရခြင်းဟု သစ်တောဦးစီးဌာနက ပြောသည်။

မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန အထွေထွေမန်နေဂျာ ဦးခွန်အောင်စိုးက“ အခု က အလုံးလိုက်တင်ပို့မှုကိုဘယ်သူကိုမှခွင့်မပြုတော့လို့ ပိုကုန်တန်ဖိုးကျလာတာပါ။ နိုင်ငံတော်ဝင်ငွေ ကျပေမယ့် သစ်တော သယံဇာတပိုင်းမှာ တိုးတက်မှုတွေ ရှိလာနေပါတယ်” ဟု ဆိုသည်။

သစ်အလုံးလိုက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းပြီးနောက် အစိုးရပိုင်းမှ ပြည်တွင်း သစ်အချောထည် လုပ်ငန်းတိုးတက်စေရန် ပိုမိုဦးစားပေး လုပ်ဆောင်နေပြီး လုပ်ငန်းရှင်များ၏ သစ်ကုန်ကြမ်း လိုအပ်ချက်အတွက် လစဉ်သစ်လုံးများ ထုတ်ရောင်းပေးသကဲ့သို့ ဌာနပိုင် သစ်စက်များကိုလည်း လေလံစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နိုင်ရန် တင်ဒါခေါ် ယူမှုများရှိနေသည်ဟု မြန်မာသစ်လုပ်ငန်း တာဝန်ရှိသူများက ပြောသည်။

No comments: