Sunday, March 29, 2015

ယခု ၂၀၁၅ ခုနှစ်မှ စတင်ကာ ကားအရောင်းစင်တာများနှင့် ကားအရောင်းပြခန်းများကို စည်းကမ်းသတ်မှတ်ချက် ခွဲခြားထုတ်ပြန်

ထင်လင်းအောင်

ပြည်တွင်းရှိ ကားတင်သွင်းရောင်းချမည့် အရောင်းပြခန်း (Show Room ) နှင့် အရောင်းစင်တာ ( Sale Center) များကို ယခု ၂၀၁၅ ခုနှစ် ပြက္ခဒိန်နှစ်မှ စတင်ကာ အဓိပ္ပာယ် ခွဲခြားသတ်မှတ်သည့် ထုတ်ပြန်ချက် တစ်ရပ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထပ်မံထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မော်တော်ယာဉ်အရောင်းပြခန်း (Show Room) များအတွက် မတ်လ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ၂၀/၂၀၁၅ အမိန့်ကြေညာစာနှင့် ၁၉/ ၂၀၁၅ နှစ်ခုကို မတ်လ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

၂၀/၂၀၁၅ ဖြင့် ထုတ်ပြန်သော အမိန့်ကြေညာစာတွင် မော်တော်ယာဉ်အရောင်းပြခန်း (Show Room) များဖြစ်ပါက မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများကို ပူးတွဲတည်ထောင်နိုင်သူ ဖြစ်ရမည်ဟု သတ် မှတ်လိုက်သည်။ ထို့အတူ တင်သွင်းကားများတွင် ရောက်ရှိမော်ဒယ်နှစ်အောက် တစ်နှစ်နိမ့်သည့် အသုံးမပြုရ သေးသောယာဉ် (Brand New) ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းရမည်ဟု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အရောင်းစင်တာ (Sale Center)များအတွက် စည်းကမ်းသတ်မှတ်ချက်များကိုမူ ၁၉/၂၀၁၅ အမိန့်ကြေ ညာစာဖြင့် ထုတ်ပြန်ကာ ၎င်းလုပ်ငန်းများသည် စီးပွားရေး အကျိုးဆောင် ကုမ္ပဏီတစ်ခုအဖြစ်သာ ရပ်တည်ရ မည်ဖြစ်သည်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် တင်သွင်းရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ''ဒါက အရောင်းပြခန်း( Show Room ) တွေအတွက် သတ်မှတ်ချက်ဖြစ်ပါတယ်။ အရောင်းစင်တာ (Sale Center) အတွက်တော့ မဟုတ်ပါဘူး။ အရောင်းစင်တာ ဆိုတာက ရောင်းပဲ ရောင်းမှာပါ'' ဟုပြောသည်။

ထို့အပြင် အရောင်းပြခန်းများအတွက် ယာဉ်တင်သွင်းခြင်းကို ပြက္ခဒိန်နှစ်တစ်နှစ် အတွင်း ယာဉ်အသစ် အစီးရေ ၃၀၀ အထိ တင်သွင်းခွင့်ပြုထားပြီး အရောင်းစင်တာများကို တစ်နှစ်အတွင်း အစီးရေ ၁၈၀ ကိုသာ တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။

အရောင်းစင်တာ တင်သွင်းကားများကိုမူ အိုဟောင်းယာဉ် ပါမစ် ၁၅၀၊ တစ်ဦးချင်းပါမစ် အစီးရေ ၅၀ နှင့် တက္ကစီးယာဉ်များအတွက် သီးခြားအစီအစဉ်ဖြင့် အစီးရေ ၃၀ ဖြင့် ခွင့်ပြုလိုက်မည်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်သူများနှင့် တင်သွင်းရောင်းချသူများအသင်း ပြန်ကြားရေး တာဝန်ခံ ဦးမိုးကျော်စွာက ''ဒီထုတ်ပြန်ချက်က အရောင်းစင်တာတွေကို Brand New တွေ သွင်းလို့ မရတော့ဘူးလို့ ကြေညာတဲ့သဘော ဖြစ်ပါလိမ့်မယ်။ အခုချိန်ထိတော့ ကွဲကွဲပြားပြား မသိသေးပါဘူး'' ဟု မဇ္ဈိမကို ပြောသည်။

လုပ်ငန်းလိုင်စင် သတ်မှတ်ချက်များကိုမူ လုပ်ငန်းနှစ်မျိုးစလုံးအတွက် အရောင်းစင်တာ( Sale Center) လက်မှတ်၊ အရောင်းပြခန်း (Show Room) လက်မှတ်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် လက်မှတ်များကို သက် တမ်းမကုန်မီ တစ်လကြိုတင် ပြန်လည်လျှောက်ထားရန် အချက်ကိုလည်း ထပ်မံထုတ်ပြန်ထားသည်။ ထို့အတူ လုပ်ငန်းနှစ်မျိုးစလုံးအတွက် အရင်းအနှီး မတည်ငွေကိုလည်း ကန်ဒေါ်လာ တစ်သိန်း ပေးသွင်းရမည်ဟု ထုတ်ပြန်ထားသည်။

No comments: