Sunday, March 29, 2015

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ၁ နှစ် သက်တမ်းတိုး

DVB

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ယန်ဟီလီးကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကနေ ၁ နှစ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။

မတ် ၂၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်သွားတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာပါ။

အဲဒီအစည်းဝေးမှာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အစီရင်ခံစာကို တင်သွင်းခဲ့တာပါ။

အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်မှု ရှိဖို့နဲ့ တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေကို စောင့်ကြည့်ဖို့၊ ရခိုင်ပြည်နယ်က လူနည်းစုတွေအပေါ် အခွင့်အရေး ချိုးဖောက်မှုနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဥရောပသမဂ္ဂက တင်ပြသွားပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ တင်သွားတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းကို မြန်မာအစိုးရက ကန့်ကွက်ခဲ့ပြီး ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာလို့ တုံ့ပြန်ထားပါတယ်။

အခု ဆုံးဖြတ်ချက်ကို နိုင်ငံ ၂၀ က ထောက်ခံပြီး ၁၆ နိုင်ငံက ကြားနေနဲ့ ကန့်ကွတ်တဲ့ နိုင်ငံ ၁၁ နိုင်ငံရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ဖွင့်လှစ်နိုင်ဖို့ကိုလည်း အစိုးရကို တိုက်တွန်းထားပါတယ်။

No comments: