Sunday, March 29, 2015

အရှေ့မြောက်ပိုင်းမှ မြေယာသိမ်းဆည်းမှု အစီရင်ခံစာ ဂလိုဘယ် ဝစ်နက်စ် တင်မည်

နန်းမြင့်

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ တိုင်းရင်းသားများ၏ မြေယာများသိမ်းဆည်းထားမှုကို ထုတ်ဖော်ထားသည့် အင်္ဂလန်နိုင်ငံ အခြေစိုက် အဖွဲ့တစ်ခုဖြစ်သော Global Witness အဖွဲ့၏ အစီရင်ခံစာကို လယ်ယာစိုက်ပျိုးရးနှင့် ဆည်မြောင်း ဝန်ကြီးဌာနထံသို့ တင်ပြသွားမည်ဟု ၎င်းအဖွဲ့၏ မြေယာ အရေးလှုံ့ဆော်သူ Josie Cohen က ပြောသည်။

၎င်းက မတ်လ ၂၆ ရက်တွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ‘‘သေနတ်များ၊ ခရိုနီများနှင့် ကောက်ပဲသီးနှံများ’’ ခေါင်းစဉ်ဖြင့် အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

Josie Cohen က ''လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့ တွေဖို့ ကြိုးစားနေပါတယ်။ မနေ့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကို ဒီအရင်ခံစာ တင်ပြတဲ့အခါမှာ ပတ်ဝန်းကျင် ဝန်ကြီးဌာနဘက်က ဒီဟာနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်ပေါ်မှာ သက်ရောက်မှုတွေ ရှိခဲ့ကြောင်းကို လက်ခံခဲ့တယ်။ နိုင်ငံတော် မြေယာကိစ္စ ဆောင်ရွက်နေတဲ့ ကော်မတီနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။


အစီရင်ခံစာတွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တိုင်းရင်းသား လူနည်းစုများ၏ မြေယာများ အလုံးအရင်း သိမ်းဆည်းမှု နောက်ကွယ်၌ တပ်မတော်၊ စီးပွားရေးနှင့် နိုင်ငံရေးသမားများ၏ ပါဝင်ပတ်သက်မှုကို ထုတ်ဖော်ထားသည်။

ယင်းအပြင် အဆိုပါ မြေယာသိမ်းဆည်းမှုများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ မြန်မာနိုင်ငံ၏ လက်ရှိ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်နှင့် ယခင်စစ် အစိုးရ လက်ထက်တွင် အစိုးရနှင့် ပူးပေါင်း၍ မြေယာများ ထိန်းချုပ်ခွင့်ကို ရယူခဲ့သည့် စိန်ဝတ်မှုံ ရာဘာ ကုမ္ပဏီတို့ ပါဝင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၁၈ လကြာ စုံစမ်းစစ်ဆေးမှုများ၏ ရလဒ်အဖြစ် အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Global Witness သည် သဘာဝသယံဇာတနှင့် ဆက်သွယ်သော ပဋိပက္ခနှင့် အကျင့်ပျက်ခြစားမှု များကို စုံစမ်းဖော်ထုတ်ပြီး ယင်းတို့နှင့် ဆက်စပ်သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်ရန် လှုပ်ရှားသည့်အဖွဲ့ ဖြစ်သည်။

No comments: