Thursday, April 30, 2015

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန် အလုပ်ရှင်များနှင့် ထပ်ညှိမည်၊ သဘောမတူပါက စစ်တမ်းကောက်မည်

မောင်သင်တုန်း

ရန်ကုန်တိုင်းဒေသကြီးက အဆိုပြုထားသည့် အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ကျပ်ငါးထောင် အဆိုပြုချက် အလုပ်ရှင်များနှင့် ဒုတိယအကြိမ် ထပ်မံညှိနှိုင်းပြီး သဘောတူညီမှု မရမှသာ အလုပ်ရှင်များကို စစ်တမ်းကောက်ယူသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်ရှာဖွေရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

“ဒုတိယအကြိမ်တော့ ထပ်ညှိနှိုင်းဦးမှာပေါ့။ တချို့က နည်းနည်းကလေး လျှော့လိုက်ရင် သဘောတူညီမယ့် အနေအထား ရှိတယ်။ တချို့ကလည်း သုံးထောင်လောက်ဆိုရင် ပေးနိုင်တယ် ဆိုတဲ့ သဘောတွေလည်းရှိတယ်” ဟု အလုပ်သမား အလုပ်အကိုင်ရှာဖွေးရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးမျိုးအောင်က ပြောသည်။

အလုပ်ရှင်များက မဖြစ်နိုင်သည့် တောင်းဆိုမှုများ ပြုလုပ်တာမျိုးလည်းရှိပြီး ဖြစ်နိုင်သည့် တောင်းဆိုးမှုမျိုး တောင်းဆိုလာလျှင် ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

“အလုပ်ရှင်များကို စစ်တမ်းကောက်ယူရမည်ဆိုလျှင် မလိုလားအပ်တဲ့ အချိန်တွေ ပိုကြာတယ်။ မဖြစ်နိုင်တာတွေ များနေမှာပေါ့။ ဘယ်အချိန်မှ သတ်မှတ်နိုင်တော့မှာလဲ။ အချိန်တော်တော် ကုန်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးက အဆိုပြုထားသည့် အနည်းဆုံးအခကြေးငွေသည် မိသားစု၏ တစ်နေ့တာ နေထိုင်စားသောက်စရိတ် တစ်ရက်တာကို စစ်တမ်းကောက်ယူပြီး အဆိုပြုလာခြင်း ဖြစ်သည်ဟု ဆိုသည်။ ညှိနှိုင်းမှုမရရှိပါက အလုပ်သမားများကိုလည်း သီးသန့်စစ်တမ်းများ ကောက်ယူသွားမည်ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အနည်းဆုံး အခကြေးငွေအတွက် အလုပ်ရှင်များနှင့် ညှိနှိုင်းရာတွင် အလုပ်ရှင်များက အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်နှစ်ထောင်ဖြင့် ဝယ်ယူပေးရန် သို့မဟုတ် စက်ရုံမြေများအတွက် အခမဲ့ပေးရန် တောင်းဆိုမှုများလည်း ရှိသည်ဟု ဆိုသည်။

No comments: