Thursday, April 30, 2015

နောင်ချိုမြို့၌ ယာဉ်ငယ် ငါးစီးဖြင့် တင်ဆောင်လာသော ကျောက်စိမ်းတုံး ရာချီ ဖမ်းဆီးရမိ

Mizzima

မူဆယ်-မန္တလေး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော နောင်ချိုမြို့၌ ယာဉ်ငယ်ငါးစီးဖြင့် တင်ဆောင်လာသော ကျောက်စိမ်းတုံးများကို တရားမဝင် ကုန်သွယ်မှုရွေ့လျားတားဆီး ထိန်းချုပ်ရေးအဖွဲ့က ဧပြီ ၂၅ ရက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဦးတည်သွားလာသည့် အဆိုပါ ယာဉ်ငါးစီးသည် မိုင်ဘိုင်းအဖွဲ့ စစ်ဆေးနေသည့် နောင်ချိုမြို့အ၀င် အေးရှားဝေါလ်တိုးဂိတ် အနီးသို့ ရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာ၍ ရပ်တန့် စစ်ဆေးရာ ယာဉ်မောင်းများက ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ထို့ကြောင့် မိုဘိုင်းအဖွဲ့က အဆိုပါကားများကို စစ်ဆေးရာ Nissan Cefino (3G-….) ယာဉ်မှ ကျောက်စိမ်းတုံး အရွယ်စုံ ၅၄ တုံး၊ ကျောက်ဖြတ်စအသေး တစ်ထုတ်၊ Toyota Grande Mark 2 (9D-….) ယာဉ်ပေါ်မှ ကျောက်စိမ်းတုံးအရွယ်စုံ ၇၀ တုံး၊ Toyota Vitz (1E-….) ယာဉ်မှ ကျောက်စိမ်းလက်ကောက် ဖြတ်စ ငါးအိတ်၊ Nissan AD Van (DD-….) မှ ကျောက်စိမ်း လက်ကောက်ဖြတ်စ ငါးအိတ်နှင့် ကျောက်စိမ်းတုံး ၄၂ တုံး၊ Misubishi Grandis (6G-….) ယာဉ်မှ ကျောက်စိမ်းတုံး ၂၆ တုံး၊ ကျောက်စိမ်းတုံးအသေးအရွယ်စုံ ငါးထုတ်ပါ အိတ်တစ်အိတ်၊ လက်ကောက်ကွင်းကြမ်း နှစ်အိတ်၊ လက်ကောက်ကွင်းချော တစ်အိတ်တို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သိမ်းဆည်းရမိသည့် ကျောက်စိမ်းတုံးများ၊ လက်ကောက်ဖြတ်စ၊ လက်ကောက်ကွင်းများနှင့် ယာဉ်များကို ခန့်မှန်းတန်ဖိုးတွက်ချက်ပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်၍ အရေးယူဆောင်ရွက်သွားမည်ဟု မိုဘိုင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် မြန်မာ့ကျောက်စိမ်း၏ အဓိက၀ယ်လက်ဖြစ်ရာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော မူဆယ်-မန္တလေးလမ်း၌ ကျောက်စိမ်းနှင့် အခြားအဖိုးတန်ကျောက်များကို တရားမ၀င်ကူးသန်း ရောင်းဝယ်များ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအထိ မိုဘိုင်းအဖွဲ့များသည် ခန်မှန်း တန်ဖိုး ကျပ် ၃,၅၉၉ သန်းဖိုးရှိ ကျောက်စိမ်းဟု ယူဆရသည့် ကျောက်၊ အင်ကြင်းကျောက်၊ သလင်းကျောက်၊ စကျင် ကျောက်၊ သတ္တုကျောက်မှုန့် ၇၆,၅၀၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး အမှုတွဲပေါင်း ၁၁၃ မှု ဖွင့်လှစ်အရေးယူထားသည်။

နှစ်နှစ်ကျော် ကာလအတွင်း Mobile Team အဖွဲ့မှ ခန့်မှန်း တန်ဖိုး ကျပ် ၂,၉၃၉ သန်းရှိ ကျောက်စိမ်း ကီလို ၃၅,၉၄၄ ကို ဖမ်းဆီးခဲ့ပြီး အမှုတွဲ ၇၄ ခုကို ဖွင့်လှစ်အရေးယူထားသည်။ ထို့အတူ ခန့်မှန်း တန်ဖိုးကျပ် ၃၃၂ သန်းရှိ အင်ကြင်းကျောက် ကီလို ၁၆,၅၇၅ ကို ဖမ်းဆီးထားပြီး အမှုတွဲ ငါးခု ဖွင့်လှစ်အရေးယူထားခြင်း ဖြစ်သည်။

No comments: