Wednesday, April 29, 2015

မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ အမျိုးသားသတင်းဆု ၅ ဆု ချီးမြှင့်

နော်နိုရင်း

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ကနေပြီး ၂၀၁၅ ခုနှစ် အမျိုးသားသတင်းဆု ၅ ဆု ချီးမြှင့်ဖို့ ရွေးချယ်ခံရသူ အမည်စာရင်းကို ကြေညာပါတယ်။

သတင်းသူရဲကောင်းအဖြစ် သတင်းစာဆရာကြီး ဖိုးသောကြာ၊ အမျိုးသား သတင်းဓာတ်ပုံဆုကို ဓာတ်ပုံပညာရှင် ဦးစိုးဇေယျာထွန်း၊ အမျိုးသားသတင်း ကာတွန်းဆုကို ကာတွန်းပညာရှင် ဦးရွှေထူး(ပြည်) နဲ့ အမျိုးသားသတင်းရုပ်သံဆုကို DVB သတင်းဌာန တို့ကို ရွေးချယ်ထားပါတယ်။

ဒီဆုကို ဘယ်လောက်ပဲ အန္တရာယ်များနေပါစေ သတင်းကို မဆုတ်မနစ်နဲ့ လုပ်နေတဲ့ သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာလို့ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း ဒု-ဥက္ကဌလည်း ဦးမြတ်ခိုင်က ပြောပါတယ်။

ဦးမြတ်ခိုင်က “ကျနော်တို့ကတော့ သတင်းအတွက်ပါပဲ။ အမျိုးသားစာပေဆုရှိတယ်၊ ဂီတဆိုရင်လည်း ဂီတဆုရှိတယ်။ သတင်းနဲ့ပတ်သက်လို့ ဆုချီးမြှင့်တာမရှိဘူး။ အရင်တုန်းက သတင်းဆိုတဲ့ စာလုံးတောင် ဖော်ပြခွင့်မရပါဘူး။ ဒီဖက် ဖွံ့ဖြိုးလာတဲ့အချိန်မှာတော့ ကျနော်တို့ ဒီဟာလေးကို ကြိုးစားခဲ့ကြတာပါ။ အရင်တုန်းက စာပေနဲ့စာနယ်ဇင်း စပြီး သန္ဓေတည်လာပြီး စာပေနဲ့စာ နယ်ဇင်းကနေ မြန်မာနိုင်ငံ သတင်းနဲ့စာပေ ခွဲထွက်လာပြီးတော့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းအနေနဲ့ ချီးမြှင့်တာပါ။”

သတင်းဆောင်းပါဆုနဲ့ အယ်ဒီတာ့အာဘော်ဆုကိုတော့ အငြင်းပွားဖွယ်ဖြစ်နိုင်တဲ့အတွက် ဒီနှစ်အတွက် မချီးမြှင့်တော့ဘူးလို့လည်း ပြောပါတယ်။

သတင်းသူရဲကောင်းအဖြစ် ရွေးချယ်ခံရသူ သတင်းစာဆရာကြီး ဖိုးသောကြာကတော့ “ဒါမျိုးရရှိတယ်ဆိုရင်တော့ အရမ်းဝမ်းသာတာပေါ့။ အဘက တသက်လုံး သတင်းစာဆရာ လုပ်လာတာ ဒါအဘအတွက် အသက်တမျှ နာမည်ရမယ့် ဆုပဲ။ ပိုက်ဆံများတာ နည်းတာ၊ ဆုတန်ဖိုးရှိတာမရှိတာက ပြဿ နာမဟုတ်ပါဘူး။ အဘ ခေတ်က သတင်းစာလောက အပြင် လက်ရှိ သတင်းစာလောကမှာ ဒီထက်ကောင်းတဲ့ဆု ဘာရှိမလဲ။ အဲလိုခံစားရတာပေါ့။” လို့ ပြောပါတယ်။

ဆုရသူ တဦးချင်း၊ တဖွဲ့ချင်းကို မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (MJA)က ရွေးချယ်ထားတဲ့ Trophy (ဆုအထိမ်းအမှတ် ဒိုင်း၊ ဖလားစသည်) တခုနဲ့ မြန်မာငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်မှာဖြစ်ပါတယ်။

အမျိုးသားသတင်းဆုပေးပွဲအခမ်းအနားကို လာမယ့် မေလ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကို ၂၀၁၂ သြဂုတ်လ ၁၁ ရက်နေ့မှာ သတင်းစာဆရာတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဥက္ကဌအဖြစ် ဦးကိုကိုက တာဝန်ယူထားပါတယ်။

No comments: