Wednesday, April 29, 2015

စဥ့်ကိုင်မြို့တွင် လေကြောင်းအရန်တပ်ဖွဲ့က သိမ်းဆည်းမြေများ စာတင်တောင်းမရ၍ ဝင်ရောက်ထွန်ယက်မည်

အောင်ကိုဦး

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်ရှိ ကျေးရွာလေးရွာမှ လယ်မြေများကို နစ်နာကြေးမရဘဲ မြေသိမ်းခံထားရသူများကမပြန်ရရေးအတွက် ဧပြီ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ ဒေသခံ တောင်သူ ၂၀၀ ခန့်က တိုင်ကြားစာပို့ကာ မေ ၃ ရက်တွင်မူ ဝင်ရောက်ထွန်ယက်သွားမည်ဟု ရှမ်းကန်ကျေးရွာမှ လယ်သိမ်းခံတောင်သူ ဦးသိန်းက ပြောသည်။

"ကျွန်မတို့မြေတွေကို ဒီနေ့အချိန်ထိ ဘာမှမလုပ်ဘဲ သိမ်းထားတယ်။ ကျွန်မတို့လည်း စိုက်ပျိုးလို့ မရဘူး။ သူတို့လည်း အကျိုးမရှိဘူး။ အခု မြေတွေက တောရိုင်းထနေပြီ အကုန်ပျက်စီးနေတယ်။ အခု ကျွန်မတို့မြေ ကျွန်မတို့ ပြန်ရအောင်ယူမယ်။ ကျွန်မဆို လုပ်စရာမြေကိုလုံးဝမရှိခဲ့ဘူး။ မိဘစဉ်ဆက် ပိုင်ခဲ့တဲ့မြေ အကုန်ပါသွားတယ်။ ၅ ဧက အသိမ်းခံရတယ်။ ဘာမှပြန်မရခဲ့ဘူး" ဟု စွန်ရဲကျေးရွာမှဒေါ်သန်းလှိုင်က ပြောသည်။

စဥ့်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးကမူ "မြေက လေကြောင်းအရန်က ပိုင်တယ်။ ကျွန်တော်တို့က ဘာမှပြောလို့ မရဘူး။ ဥပဒေဘောင်ထဲကပဲ စနစ်တကျ လုပ်သွားစေချင်တယ်" ဟု မဇ္ဈိမကို ပြောသည်။

စဥ့်ကိုင်မြို့နယ် ရှမ်းကန်ကျေးရွာ၊ ရွာပတ်ကျေးရွာ၊ အင်ကုန်းကျေးရွာနှင့် စွန်ရဲကျေးရွာတို့တွင် ဓားမဦးချ လုပ်ကိုင်စိုက်ပျိုးခဲ့သည့် လယ်ယာမြေဧက ၃၀၀ ကို ၂၀၀၃ ခုနှစ်တွင် လေကြောင်း အရန်တပ်ဖွဲ့က သိမ်းယူခဲ့ခြင်း ဖြစ်သည်။ ထိုသို့ သိမ်းယူရာတွင် နစ်နာကြေး၊ လျော်ကြေး တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိဟု သိမ်းဆည်းခံရသူများက ပြောသည်။

"ငါတို့ သိမ်းလိုက်ပြီဆိုတာနဲ့ စိုက်ပျိုးနေဆဲအချိန်မှာ ဒီအတိုင်းထွက်ပေးခဲ့ရတယ်။ တစ်ချို့ဆိုစိုက်ပြီးနေပြီ အဲဒီအတွက်လည်း လျှော်ကြေး မရဘူး။ မြေအတွက်လည်း ဘာမှမရဘူး။ အဲဒီအချိန်ကတောင်သူ အားလုံးဒုက္ခရောက်ခဲ့တယ်။ ရွာကို စွန့်သွားသူတွေတောင် ရှိတယ်။ အများစုကတော့ ကြုံရာကျဘမ်းကို ဒီနေ့အချိန်ထိ လုပ်စားနေရတယ်။ဒါကြောင့် မြေပြန်ရဖို့ပြန်လည်တောင်းဆိုတာပါ။ ရအောင်အထိ လုပ်သွားမယ်" ဟု ဦးသိန်းက ပြောသည်။

သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန်အတွက် ၂၀၁၂ ခုနှစ်မှစတင်၍ ဥပဒေဘောင်အတွင်းမှ စာတင်၍ အကြိမ်ကြိမ် တောင်းဆိုသော်လည်း အကြောင်းမပြန်သဖြင့် ယခုတစ်ကြိမ် စာတင်ခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။ ယခုအကြိမ်တွင် အကြောင်းမပြန်ပါက မေလအတွင်း ဝင်ရောက်ထွန်ယက် စိုက်ပျိုးသွားမည်ဟု ပြောကြသည်။

"ဘာမှမလုပ်ဘဲ သိမ်းထားတဲ့ မြေတွေကတော့ ပြန်ပေးရမှာပဲ။ မတောင်းလည်းပေးရမှာပဲ။ အဲ့လိုပေးမယ်ဆို ဘာပြဿနာမှ မရှိဘူး။ အခုဖြစ်နေတာက တောင်းလည်းမပေးဘူး။ မတောင်းလည်းမပေးဘူး။ အဲလိုဆိုတော့ တောင်သူတွေကလည်း ကိုယ်မြေပြန်လိုချင်တော့ ဝင်စိုက်ရော အဲလိုနဲ့ပြဿနာဖြစ်တာပဲ။ ကျွန်မအမြင်ကတော့ လက်ရှိစီမံကိန်းမှ မလုပ်ဖြစ်တာပဲ။ ပြန်ပေးစေချင်တာပေါ့။" ဟု တောင်သူများအရေးကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ယုယုလှိုင်က ပြောသည်။

အဆိုပါလယ်ယာမြေများတွင် မူလတောင်သူများက ဝါ၊ နှမ်း၊ ပဲအမျိုးမျိုးနှင့် ပြောင်းများ စိုက်ပျိုးခဲ့သည်ဟု သိရသည်။

No comments: