Thursday, April 30, 2015

ဦးခင်ရွှေနှင့် ဒေါ်စုဆက်ဆံရေး မှန်းဆဝေဖန်မှု များကြောင့် ဒေါ်အောင်ဆန်းစုကြည် ထိခိုက်နိုင်ဟု ဦးခင်ရွှေသား ပြော

Mizzima

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင်နှင့် ကြံ့ခိုင်ရေး ပါတီ၏အမတ် ဦးခင်ရွှေထောက်ပံ့မှုကို ကော့မှူးပြည်သူများ ရယူပြီး မဲဆန္ဒပေးသည့်အခါတွင်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည့်အပေါ် မှန်းဆဝေဖန်ပြောဆိုမှုများသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်နိုင်ကြောင်း ဦးခင်ရွှေ၏ သားဖြစ်သူ ကိုဇေသီဟက ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးသို့ ဧပြီ ၂၇ ရက်က ရောက်ရှိစဉ် ပါတီဝင်များနှင့် ပြည်သူ ၁၅၀ ခန့်နှင့် တွေ့ဆုံစဉ် "ဦးခင်ရွှေပေးသမျှ ယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်" ဟု ပြောဆိုခဲ့သည်။

ထိုပြောဆိုချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေရာ ဦးခင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကော့မှူး ပြည်သူများ၏ ဆက်ဆံမှု၊ ရင်းနှီးမှုတို့ကို မသိသည့်သူများ၏ ပြောဆိုချက်သာဖြစ်သည်ဟု ကိုဇေသီဟက သူ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် ရေးသားသည်။

"အဲဒီစကားလုံးပြောသွားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ် ကျွန်တော့ အဖေရယ်၊ ကော့မှုးက ပြည်သူလူထုရယ် ကြားက ဆက်ဆံမှု၊ ရင်းနှီးမှု ၊အတူတကွလုပ်ဆောင်နေမှုတွေကို နားမလည်လို့ အမြင်တမျိုးဖြစ်ကြတာဖြစ်ပြီး၊ အတွေးတစ်မျိုးနဲ့ ရေးကြတာပါ" ဟု ဆိုသည်။

"ဘေးက ကြည့်တဲ့ သူတွေအဖို့ အလွယ်တကူမမြင်နိုင် တဲ့အနေအထားကို မှန်းပြီးပြောနေကြတာက ဒေါ်အောင်ဆန်းစုကြည်ကို အများကြီး ထိခိုက်သွားနိုင်တဲ့အပြင် ကော့မှူးမြို့က ပြည်သူအတွက်ပါနစ်နာသွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော အဖေပါ ကော့မှူးမြို့ ပြည်သူတွေကို မဲဆွယ်တဲ့စကားတွေ ပြောဖို့မလိုအပ်ပါဘူး။မိသားစု ဆွေမျိုးတွေကြား ပြောတဲ့စကားက အပြင်ရောက်လာတယ်ဆိုတာ ထက်မပိုဘူး" ဟုလည်း ကိုဇေသီဟက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှာမူ ကောမှူးမြို့နယ်ပါဝင်သည့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃)၏ အမျိုးသားလွှတ်တော်အမတ်အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့သူဖြစ်သည်။

No comments: