Thursday, April 30, 2015

တရုတ် ရေနံကုမ္ပဏီ ဖွံ့ဖြိုးရေး အကူအညီ ရပ်ဆိုင်းမှု မဒေးကျွန်း ဒေသခံများ မကျေနပ်

ကျော်ခ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်း ဒေသခံများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC)တို့က ပေးအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး အကူအညီများ ရပ်ဆိုင်းနေသဖြင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

ရွှေသဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းကို အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် CNPC နှင့် MOGE တို့က မဒေးကျွန်း ဒေသကို လျှပ်စစ်စွမ်းအင်နှင့် ဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကူညီခဲ့သော်လည်း လတ် တလော တွင် အကူအညီများ ရပ်ဆိုင်းနေသဖြင့် အခက်ကြုံနေရသည်ဟု မဒေးကျွန်းဒေသခံ တချို့က ဧရာဝတီသို့ ပြောသည်။

ကျောက်ဖြူ မဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က“ဆက်သွယ်ရေး တာဝါတိုင်ရယ်၊ လျှပ်စစ် မီတာဘောက် တပ်ဆင်ဖို့ ကိစ္စရယ် အဲဒါအတွက်ကို ပိုက်ဆံလှူတယ်။ လှူတယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုပဲ ဒေသခံတွေက လက်ခံရရှိပြီးတော့ လုပ်ပေး ဖို့ ကတိပေးထားတဲ့ဟာတွေကို ပြီးပြတ်အောင်လုပ်မပေးဘူး”ဟု ပြောပြသည်။

မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမနှင့် ပြိန်ရွာ သုံးရွာက အိမ်ခြေ ၇၀၄ အိမ်အတွက် လျှပ်စစ်နှင့် ဆက်သွယ်ရေး ရရှိရန် အမေရိ ကန် ဒေါ်လာ ၄ သိန်း ၂ သောင်း လှူဒါန်းကြောင်း CNPC နှင့် MOGE တို့က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အလှူငွေ စာတန်းပါသည့် ဆိုင်းဘုတ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ တဆင့် ဒေသခံများထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်တာဝါတိုင်မှာ တည်ဆောက်ပြီး ဖြစ်သော်လည်း တယ်လီဖုန်းလိုင်းများ သုံးစွဲမှုအစဉ်မပြေသေးသလို လျှပ်စစ် မီတာဘောက် များမှာလည်း အိမ်တိုင်းစေ့ မရရှိသေးသဖြင့် ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားထားကြောင်း၊ သို့သော် လည်း ထူးခြားမှု မရရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

မဒေးကျွန်းရှိ ကျေးရွာများအတွက် ဖွံ့ဖြိုးရေးအကူအညီများသည် ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ သင်္ကြန် ကာလကြောင့် ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း၊ လာမည့် မေလထဲတွင် ပြန်လည် စတင်နိုင်ရန် CNPC ကုမ္ပဏီကို အကြောင်းကြား ထားကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ဧရာဝတီသို့ ပြောသည်။

ဦးညီညီလင်းက“ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက CNPC က ငွေရောက်မလာသေးလို့ပါ။ အဲဒီအတွက် ကျနော်တို့ကလည်း MOGE ကနေ CNPC ကို တဆင့်အကြောင်းကြားပြီးမှ CNPC က ပိုက်ဆံချပေးတာပါ။ သင်္ကြန် ပြီးရင်တော့ ပို့လာမယ် ပြောတယ်။ သူတို့ ပို့လာ တာနဲ့ ကျနော်တို့က(လျှပ်စစ် မီတာဘောက်) တပ်ဆင်ပေး လိုက်ရုံပါပဲ”ဟု ပြောသည်။

မဒေးကျွန်းပေါ်က အိမ်ခြေ ၇၀၀ ကျော်အနက် ၅၀၀ ကျော်သည် လျှပ်စစ်မီတာဘောက် တပ်ဆင်ပေးပြီး ဖြစ်ကြောင်း၊ ထို့အပြင် ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားသည့် လမ်းကြောင်းပေါ်က မြေယာများ အတွက်လည်း လျော်ကြေးများ ပေးချေပြီး ဖြစ်ကြောင်း ဦးညီညီလင်းက ဆက်လက် ပြောဆိုသည်။

မဒေးကျွန်းဒေသခံများသည် ၄င်းတို့၏ နစ်နာမှုများ အတွက် တစုံတရာ ရရှိရေး ဆန္ဒထုတ်ဖော် တောင်းဆိုမှုများကို ၂၀၁၁ ခုနှစ်မှ စတင် တောင်းဆိုခဲ့ကြသော်လည်း ယနေ့အထိ အောင်မြင်မှု မရှိသေးပေ။

မဒေးကျွန်းပေါ်တွင် တည်ဆောက်ထားသည့် တရုတ် စီမံကိန်းများကြောင့် ဒေသခံ အများစုသည် လယ်ယာမဲ့၊ အလုပ်လက်မဲ့များ ဖြစ်နေကြကြောင်းလည်း ဒေသခံများက ပြောသည်။

မဒေးကျွန်းပေါ်၌ ရေနံပိုက်လိုင်း စီမံကိန်း၊ ဂါလန် သိန်းချီဆံ့သည့် ရေနံစိမ်း သိုလှောင်ကန်ကြီးများ စီမံကိန်းနှင့် နိုင်ငံတကာ ရေနံ တင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းများကို တည်ဆောက်ထားပြီး လုပ်ငန်းများ လည် ပတ် နေပြီ ဖြစ်သည်။

No comments: