Wednesday, April 29, 2015

နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲစခန်း ဖမ်းဆီးစစ်ဆေးနေ

နန်းမြနဒီ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ ပလောင်လူငယ် ၁ ဦး၊ အမေရိကန်နဲ့ သြစတြီးယားနိုင်ငံသား၂ ဦး စုစုပေါင်း ၃ ဦးကို ကားပေါ်မှာ ပါလာတဲ့ မူးယစ်ဆေးဝါး၊ ကျည်ဆန်တချို့နဲ့ အတူ ဖမ်းဆီးမိပြီး မူဆယ်မြို့နယ်ရဲစခန်းက ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ဧပြီလ ၂၈ ရက် ညနေပိုင်းက နမ့်ဖတ်ကာ – နမ့်ခမ်းသွား ကားလမ်း ၁၂ မိုင်ရွာအနီးမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ် နမ့်ခမ်းဘက်တက်မယ့် ပါဂျဲရိုး ကားတစီးပေါ်မှာ စိတ်ကြွဆေးပြားနဲ့ ကျည်ဆန်တွ တွေ့ရှိတဲ့အတွက် ကားပေါ်ပါလာတဲ့ လူ ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေတာလို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျရဲ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သြစတြေးလျနိုင်ငံသား အမျိုးသားတဦး၊ အမေရိကန် နိုင်ငံသား အမျိုးသားတဦးနဲ့ ပလောင်လက်နက်ကိုင်အဖွဲ့ကလို့ ယူဆရတဲ့ ပလောင်လူငယ်တဦးတို့ကို ကျနော်တို့ မြို့မရဲ စခန်းကနေ ပုဒ်မ ၁၉ ၊ ၁၉ /က ၊ ၂၂ မူးယစ်မှု၊ လက်နက်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။ ဖမ်းမိ တာက စိတ်ကြွဆေးပြား အလုံး ၄၀ နဲ့ ကျည်ဆန်တွေပါ။ သူတို့ကို မြို့နယ်ရုံးမှာ အဖွဲ့ပေါင်းစုံက စစ်ဆေးနေပါတယ်။”

ပလောင်လူငယ်မှာ မိုင်းညီလေး အသက် ( ၂၆ ) နှစ်ဖြစ်ပြီး ကျန်တဲ့ နိုင်ငံခြာသား ၂ ဦးရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ ဥပဒေငြိစွန်းမှု၊ အချက်အလက် အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပဲလို့ မူဆယ်ရဲစခန်းက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၂ ဦးနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းကို အတည်မပြုချက် မပေးနိုင်သေးတဲ့အကြောင်းနဲ့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) ပြောခွင့်ရသူ တာပန်လကတော့ အဲဒီပလောင်လူငယ်ဟာ သူတို့အဖွဲ့အစည်းနဲ့ ပတ်သက်မှုမရှိကြောင်း၊ ဒါပေမယ့် ရွာသားတွေပြောပြချက်အရ သူတို့အဖမ်းမခံရခင်က အဲဒီဒေသမှာရှိတဲ့ ရွာသားတွေရဲ့ နေထိုင်စားသောက်မှုဘ၀ကို လာရောက်လေ့လာခဲ့သေးတယ်လို့ ပြောပါတယ်။

No comments: