Tuesday, April 28, 2015

ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်မောင်းသူများကို ကြပ်ကြပ်မတ်မတ် အရေးယူရန် ဒေါ်စုပြော

မင်းမင်း

ဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ်စီးနှင်းပါက သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကြပ်ကြပ်မတ်မတ် အရေးယူသင့်သလို ဆိုင်ကယ်စီးနင်းသူများသည်လည်း အကာအကွယ်အပြည့်အဝပေးနိုင်သည့် ဆိုင်ကယ်စီး ဦးထုတ်ဆောင်းရန် လိုအပ်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

သူ၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဧပြီ ၂၇ ရက်က တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဆရာဝန်များ၏ ပြောဆိုချက်အရ အသက်ဆုံးရှုံး မှုအများဆုံး ယဉ်တိုက်မှုများတွင် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနှင်းခြင်းနှင့် ဦးထုပ်ဆောင်းသော်လည်း အကာအကွယ်မပေးနိုင်သည့် ဦးထုပ်ဖြစ်နေသောကြောင့် ယဉ်တိုက်မှုဖြစ်သည့်အခါ အသက်ဆုံးရခြင်းဟု ဆိုသည်။

"သက်ဆိုင်ရာ ရဲဘက်ကလည်း ကြပ်ကြပ်မတ်မတ်ကို ဦးထုပ်မဆောင်းလို့ရှိရင် အရေးယူ။ နောက်တစ်ခု ကလည်း ဦးထုပ်ဆောင်းတဲ့ဟာနဲ့ ပတ်သက်လို့ ကျွန်မတို့ အဆင့်ထားရလိမ့်မယ်။ ဦးထုပ်တော့ဆောင်းပါရဲ့ ဦးထုပ်က ဘာမှအကောအကွယ်ပေးတဲ့ ဦးထုပ်မဟုတ်ဘူး။ နောက်ဆုံးကျတော့ ငွေရေးကြေးရေးနဲ့ ဆိုင်တာပေါ့။ ခပ်ပေါပေါ၊ ခပ်ပေါ့ပေါ့ဦးထုပ်ကလေး ဆောင်းသွားတဲ့အခါကျတော့ ဘာမှ အကာအကွယ်မပေးဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိတွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနင်းသူများကို သက်ဆိုင်ရာယဉ်ထိန်းရဲများက ဒဏ်ငွေစနစ်ဖြင့် ဖမ်းဆီးအရေးယူနေသော်လည်း လုံခြုံစိတ်ချမှုရှိသည့် ဆိုင်ကယ်ဦးထုပ်အမျိုးအစားကို အာဏာပိုင်များက သတ်မှတ်ထားခြင်းမရှိပေ။

ယင်းသို့ သတ်မှတ်ထားခြင်း မရှိသည့်အတွက် ဈေးကွက်အတွင်း ရောင်းချနေသည့် ဆိုင်ကယ်စီး ဦးထုပ်များမှာလည်း အနည်းဆုံး ငွေကျပ်(၂၀၀၀) နှုန်းဖြင့် ဆိုင်ကယ်စီး ဦးထုပ်တစ်လုံးကို အလွယ်တကူ ဝယ်ယူနိုင်သည့် အနေအထား ဖြစ်နေသည်။

ဆိုင်ကယ်စီးဦးထုပ်နှင့် ပတ်သက်ပြီး အာဏာပိုင်များအား ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလိုက်ခြင်းမှာ ကော့မှူးမြို့နှင့် တစ်မိုင်ခန့်ဝေးသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှဖွင့်လှစ်ထားသည့် သင်တန်းကျောင်းမှ သင်တန်းသားတစ်ဦးမှာ ဆိုင်ကယ်တိမ်းမှောက်ပြီး အတာသင်္ကြန်ကာလမတိုင်မှီ သေဆုံးသွားခြင်းနှင့် ဆက်စပ်ပြီး ပြောဆိုသွားခြင်း ဖြစ်သည်။

သေဆုံးသွားသည့်သင်တန်းသားမှာ ကော့မှူးမြို့နှင့် ငါးမိုင်ခန့်ဝေးသော ရခိုင်စုကျေးရွာမှာ အသက် ၂၂ နှစ်အရွယ် ကိုသက်ဝေအောင် ဖြစ်သည်။

"ကျွန်မပြန်ပြီး စုံစမ်းကြည့်တော့ ဆုံးသွားတဲ့ကလေးက ဦးထုပ်ပါတယ်။ ဦးထုပ်က အဆင့်မမှီဘူး။ ဦးထုပ်က အဆင့်မမှီဘူးဆိုတော့ အဲ့ဒီဟာနဲ့ပတ်သက်လို့ တစ်ကယ်တော့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့လုပ်ရမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို အရှိန်မြှင့်ဖမ်းမည်ဟု ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ကော့မှူးမြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူး မျိုးမြင့်အောင်ကမူ "ဘယ်ဟာက အရည်အသွေးမှီတဲ့ဦးထုပ်ပါ၊ ဘယ်ဟာက အရည်အသွေးမမှီတဲ့ဦးထုပ်ပါ ဆိုတာကတော့ ကျွန်တော်တို့ အခုအချိန်ထိ မသိသေးပါဘူး" ဟု ဆိုသည်။

ကော့မှူးမြို့နယ်တွင် ယဉ်ထိန်းရဲတပ်ဖွဲ့မရှိဘဲ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ကွမ်းခြံကုန်းမြို့နယ်မှ ယဉ်ထိန်းရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးလေ့ရှိပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ငွေဒဏ်အဖြစ် ငွေကျပ်(၁၅၀၀) သတ်မှတ်ထားသည်။

No comments: