Thursday, April 30, 2015

တိုင်းရင်းသား လက်နက်ကိုင် များတွေ့ ဆုံပွဲသို့ ကိုးကန့်တပ်မှ သွားတွေ့မည့်သူ ၂၉ ရက်တွင် ရွေးချယ်မည်၊ RCSS ကမူ ထုတ်ပြန်ပြီ

ဖနိဒါ

'ဝ' ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် (UWSA)ဌာနချုပ် ပန်ဆန်းမြို့တွင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်ရန်အတွက် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) က ဧပြီလ ၂၉ ရက် တရုတ်-မြန်မာနယ်စပ်တစ်နေရာတွင် အစည်းအဝေးတစ်ရပ် ကျင်းပမည် ဖြစ်သည်။

ဝပြည်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပန်ဆန်းမြို့တွင် လာမည့်မေလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း မှခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် MNDAA ကိုယ်စားလှယ် ၃ ဦး ရွေးချယ်မည်ဟု MNDAA ပြောရေးဆို ခွင့်ရှိသူ ဦးထွန်းမြတ်လင်း ကပြောသည်။

“ကျွန်တော်တို့ ဘယ်သူတွေ ဝ ပြည်နယ် အစည်းဝေးကို သွားမလဲ၊ ဘာတွေ ဆွေးနွေး မလဲဆိုတာ မနက်ဖြန်မှ ကျွန်တော်တို့ အစည်းအဝေး ထိုင်ရပါမယ်၊ ဘာကြောင့်ခေါ် ထားလဲဆိုတာ မနက်ဖြန်မှ ဖိတ်စာကို သိရမှာမလို့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးမှာပါ”ဟု MNDAA ပြောရေး ဆိုခွင့်ရှိ သူ ဦးထွန်းမြတ်လင်းက မဇ္ဈိမ ကိုပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA)ကမူ တွေ့ဆုံပွဲသို့ သွားရောက်မည့်သူများကို ဧပြီ ၂၈ရက်က ထုတ်ပြန် လိုက် သည်။

RCSSမှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုင်းရီ၊ ဒု-အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ကွဏ်းစင့်၊ အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်မှူး တင်းခေး၊ စိုင်းစံအေး၊ စိုင်းမြမောင်၊ စိုင်းခမ်းစန်တို့ ခုနှစ်ဦး သွားရောက်မည်ဟု ထုတ်ပြန်လိုက်သည်။

တွေ့ဆုံပွဲတွင် RCSSက ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ ကိုနိုင်ငံတော်နှင့် သက်ဆိုင်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင် ရွက်ရန် ရည်ရွယ်ကာ တက်ရောက်ခြင်းဖြစ်သည်ဟု RCSSက ဆိုထားသည်။

"အဓိကတော့ ငြိမ်းချမ်းရေး၊ အမျိုးပြန်လည် သင့်မြတ်ရေးကိစ္စရပ်အပေါ်။ နောက်ပြီးတော့ UPWC နဲ့ NCCT ဆွေးနွေးပြီးတော့ NCA မူကြမ်းကို လက်မှတ်ရေး ထိုးပြီးတဲ့အကြောင်း အများကြီးသဘောထားတွေ သိရှိအောင် သွားပြီးဆွေးနွေးပွဲ တက်ရောက်တာဖြစ်ပါတယ်" ဟု RCSSမှ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက မဇ္ဈိမ ကိုပြောထားသည်။

UWSA က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ကိုတစ်ဖွဲ့လျှင် ကိုယ်စားလှယ် သုံးဦးတက်ရောက်နိုင်ကြောင်း ဖိတ်ကြား ထားခြင်းဖြစ်သည်။ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) က ဥက္ကဌ၊ ဒုဥက္ကဌနှင့် စစ်ဦးစီးချုပ် သုံးဦး တက်ရောက်မည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ အစိုးရ စစ်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသော MNDAA၊ တအာင်းတပ်မတော် (TNLA) နှင့် ရခိုင်တပ်မတော် (AA) အဖွဲ့အား အစိုးရဘက် ဖိတ်ခေါ်ခြင်း မပြုရန် ပြောဆိုမှုများ ရှိသော်လည်း UWSA က ဖိတ်ခေါ်ထားသဖြင့် ထိုအဖွဲ့ သုံးဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် မည်ဖြစ်ကြောင်း သိရ သည်။

ဦးဖုန်ကြားရှင် ဦးဆောင်သော MNDAA တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ် အရာရှိများ ကျဆုံးမှုများ ရှိသလို၊ ကိုးကန့် တပ်ဖွဲ့များဘက်မှလည်း ကျဆုံးမှုများ ရှိနေသည်။

No comments: