Thursday, April 30, 2015

ယာဉ်နှစ်စီးတိုက်သည့်ကိစ္စ ရွှေစင်စင်္ကြာ၏ ကြေညာ ချက်အတွက် ကျေနပ်သည်အထိ ပြန်တောင်းပန်ရန် Forever Group ထုတ်ပြန်

Mizzima

ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်တွင် ဧပြီလ ၅ ရက်က ဖြစ်ပေါ်ခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်ကို Shwe Than Lwin Media Co.,Ltd, Sky Net တို့အပြင် MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV, 4 DIGITAL တို့မှ မှားယွင်း ထုတ်လွှင့်ခဲ့သည်ဆိုကာ ရွှေစင်စင်္ကြာ ကုမ္ပဏီ၏ နှစ်နာကြေး တောင်းခံမှုသည် မမှန်မကန် တောင်းခံမှုဟုဆိုကာ ပြန်လည်တောင်းပန်ရန် Forever Group Co.,Ltd အကျိုးဆောင်ရှေ့နေများက ထုတ်ပြန်ကြေညာလိုက်သည်။

ယာဉ်နှစ်စီး တိုက်မှုနှင့်ပတ်သက်၍ "Sky Net in house channels, mntv ၏ ပေါ့ဆစွာ မမှန်မကန် သတင်းထုတ်လွှင့်ခြင်းကို Shwe Than Lwin Media Co.,Ltd, Sky Net တို့အပြင် MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV, 4 DIGITAL တို့ကလည်း မြန်မာနိုင်ငံ တနှံတလျား ထုတ်လွှင့်ပေးခဲ့ကြပါသည်" ဟု ရွှေစင်စင်္ကြာကုမ္ပဏီက ဧပြီလ ၈ ရက်တွင် ကြေညာခဲ့သည်။

ထိုကြေညာချက်ကို Forever Group Co.,Ltd က ပြန်လည်တုန့်ပြန်ရာတွင် "ရွှေစင်စင်္ကြာကုမ္ပဏီ လီမိတက်၏ နို့တစ်စာပါ MRTV-4 နှင့် 4-Digital(4TV) တို့ကလည်း မြန်မာနိုင်ငံ တစ်နံတစ်လျား ထုတ်လွှင့်ပေးခဲ့ကြပါသည်ဟု စွပ်စွဲ ဖေါ်ပြခြင်းသည် လုံးဝ အခြေအမြစ်မရှိသော မှန်ကန်မှုမရှိသော စွပ်စွဲချက်များသာ ဖြစ်ပါသည်" ဟု ဧပြီလ ၂၉ ရက်ထုတ် ကြေးမုံသတင်းစာတွင် ပြန်လည်တုံ့ပြန်ထားသည်။

ထို့အပြင် "Forever Group Co.,Ltd, MRTV-4 နှင့် 4-Digital(4TV) တို့အပေါ် မမှန်မကန် စွပ်စွဲ၍ နစ်နာကြေး တောင်းခံမိပါကြောင်း"ပြန်လည်ရှင်းလင်း တောင်းပန်ရန်လည်း Forever Group Co.,Ltd က တောင်းဆိုထားသည်။ ပျက်ကွက်ပါက တရားစွဲဆိုတောင်းခံမည်ဟုလည်း ဆိုသည်။

ရွှေစင်စင်္ကြာကုမ္ပဏီ လီမိတက်၏ ကြေညာချက်ကြောင့် MRTV-4 နှင့် 4-Digital(4TV) တို့၏ ပုံရိပ်များ အတိုင်းအဆမဲ့ ထိခိုက်နစ်နာစေခြင်း၊ အခပေး ကြည့်ရှုနေမှုများ ယုတ်လျော့စေခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းစေခြင်းစသည့် ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်၏ ကြေညာချက်တွင် မြန်မာ့ရုပ်မြင်သံကြားသည်လည်း ယာဉ်တိုက်မှု သတင်းကို မှားယွင်းထုတ်ပြန်ခဲ့သည်ဟု ပါရှိရာ အဆိုပါ ကြေညာချက်သည် မဟုတ်မှန်ကြောင်း မြန်မာ့ရုပ်မြင်သံကြားက ဧပြီ ၂၅ ရက်က သတင်း ထုတ်ပြန်ခဲ့သေးသည်။

"MRTV News Channel , MRTV Entertainment Channel, တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း (NRC) တို့တွင် ရွှေစင်င်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ ယာဉ်မတော်တဆမှု သတင်းအား လုံးဝ(လုံးဝ) ဖော်ပြ ထုတ်လွှင့်ခဲ့ခြင်း မရှိပါ" ဟု မြန်မာ့ရုပ်မြင်သံကြား၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ မမှန်မကန် စွပ်စွဲပြောဆိုမှုအပေါ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် တရားဥပဒေနှင့် အညီ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်" ဟု တုန့်ပြန်ထားသည်။

ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်သည် Sky Net in house channels, mntv, Sky Net, Shwe Than Lwin Media Co.,Ltd, MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV, 4 DIGITAL တို့ကို လျော်ကြေးငွေ သိန်းတစ်သောင်း နှစ်လအတွင်းပေးရန် ဧပြီ ၂၄ ရက်တွင် ထုတ်ပြန် တောင်းဆိုထားသည်။ လိုက်နာရန် ပျက်ကွက်ပါက တရားစွဲဆို တောင်းခံသွားမည်ဟုလည်း ဆိုသည်။

No comments: