Wednesday, April 29, 2015

ရန်ကုန်မြို့တွင်း ခုံးကျော်တံတား နှစ်စင်း ထပ်မံဆောက်လုပ်ရန် တင်ဒါခေါ်ယူ

သီဟကိုကို

ရန်ကုန်မြို့တွင်း မရမ်းကုန်း ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားနှင့် ဗဟန်း၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားများ တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဧပြီ ၂၅ ရက်တွင် တင်ဒါ စတင်ခေါ်ယူထားသည်။

မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားကို ပြည်လမ်းမတစ်လျှောက် လေးလမ်းသွားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ဗဟန်းမြို့နယ်၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားကို ကမ္ဘာအေးဘုရားလမ်း တစ်လျှောက် လေးလမ်းသွားအဖြစ် တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ ခုံးကျော်တံတားများ တည်ဆောက်ရန် စိတ်ဝင်စားသည့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များသည် တံတားဆောက်လုပ်ရေး နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများကို တံတားတစ်ခုချင်းစီအလိုက် သီးခြားစီ အဆိုပြုလွှာ တင်ပြရမည်ဖြစ်ပြီး မေလ ၂၅ ရက် နောက်ဆုံးထားကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ပေးပို့ရမည် ဖြစ်သည်။

တံတားတည်ဆောက်ရန် ဒီဇိုင်းများ တင်ပြရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး တင်ဒါသတ်မှတ်ချက် ပုံစံများကို ဧပြီ ၃၀ ရက်မှ စတင်ကာ ဝယ်ယူနိုင်မည် ဖြစ်သည်။

တင်ဒါ အဆိုပြုလွှာများကို သတ်မှတ်ထားသည့် နည်းပညာ၊ စံချိန်စံညွှန်းနှင့် ဈေးနှုန်းများ ကိုက်ညီသည့် ကုမ္ပဏီများကို ကျွမ်းကျင်ပညာရှင် အဖွဲ့များဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး တင်ဒါဖွင့်မည့်ရက်ကို အဆိုပြုလွှာ တင်သွင်းသည့် လုပ်ငန်းရှင်များကို ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် မြေနီကုန်း ခုံးကျော်တံတားများကို တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ တံတားများကို FMI၊ Capital Development နှင့် ရွှေတောင် ဆောက်လုပ်ရေးလုပ်ငန်းစုများမှ တည်ဆောက်ခွင့်ရရှိခဲ့သည်။

No comments: