Thursday, April 30, 2015

မြင်းခြံ တက္ကသိုလ်တွင် နိုင်ငံတော်အလံအစား ဗ.က.သ အလံ ဝင်စိုက်သည်ဟုဆိုကာ ဗ.က.သ အဖွဲ့ဝင် ကိုဇင်ကိုသန့်အား ဖမ်းဆီး

အောင်ကိုဦး

ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းသည် မြင်းခြံတက္ကသိုလ်အရောက်တွင် တက္ကသိုလ်ဝင်းအတွင်းနိုင်ငံတော်အလံအစား ဗ.က.သ အလံ စိုက်ထူခဲ့သည်ဟု ဆိုကာ ဗ.က.သ အဖွဲ့ဝင် ကိုဇင်ကိုသန့်အား ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ အုန်းချောကျေးရွာ နေအိမ်တွင် ရှိနေစဉ် လာရောက် ဖမ်းဆီးသွားသည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူ ကိုဇင်ကိုသန့်သည် မန္တလေးမြို့ သပိတ်စစ်ကြောင်း စတင်ချီတက်စဉ်ကပင် ပါဝင်ခဲ့ခြင်း မရှိဘဲ မြင်းခြံမြို့ဖြစ်စဉ်တွင်လည်း ပါဝင်ပတ်သက်ခြင်း မရှိဟု ကိုနိုင်ရဲဝေက ဆိုထားသည်။

"ကျွန်တော်တို့ ဗ.က.သ အဖွဲ့ဝင်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် မန္တလေးက စထွက်ကတည်းက သူမပါခဲ့ဘူး။ အလံဖြုတ်ချတဲ့နေရာမှာလည်း မပါဘူး။ အလံတင်တဲ့ နေရာမှာလည်း မပါပါဘူး။ ဒီလို မပါဝင်တဲ့ ကျွန်တော်တို့ အဖွဲ့ဝင်ကို ဖမ်းဆီးတာဟာ ဗ.က.သ ကို တိုက်ရိုက်ခြိမ်းခြောက်တာပဲ။ ပြိုကွဲအောင် လုပ်တာပဲ။ ပါပါ မပါပါ ဖမ်းတယ်ဆိုတဲ့ လုပ်ရပ်ဟာ မင်းတို့သတိထား အချိန်မရွေး ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာပဲ။ ပါဝင်ပတ်သက်သူကို ဖမ်းတာကို လက်သင့်ခံတယ်။ အခုဟာက မပါဘဲ ဖမ်းနေတယ်။ အခုချိန်ထိ ဘယ်မှာထားတယ်ဆိုတာ မသိရဘူး" ဟု ကိုနိုင်ရဲဝေက ပြောသည်။

ဗ.က.သ အဖွဲ့ဝင် ကိုဇင်ကိုသန့်အား အုန်းချောနေအိမ်တွင် အုန်းချောရဲစခန်းက မေးမြန်းရန်ရှိ၍ ခဏလိုက်ခဲ့ဟု ခေါ်ယူ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ကိုဇင်ကိုသန့်၏ အုပ်ထိန်းသူက ဆိုသည်။

"အရပ်ဝတ်နဲ့ လာခေါ်သွားတာပါ။ ခဏလေး မေးစရာလေးရှိလို့ဆိုပြီး ခေါ်သွားနာပါ။ အခုလို ဖမ်းသွားလိမ့်မယ်လို့ မထင်ပါဘူး။ အပြစ်ရှိလို့ ဖမ်းမယ်ဆိုလည်း အုပ်ထိန်းသူကို အကြောင်းကြားဖို့ ကောင်းတယ်။ ပြန်မလာလို့ လိုက်မေးမှ မြင်းခြံးစခန်းက ဖမ်းသွားပြီလို့ပြောတယ်။ ဒီလိုလုပ်ရပ်ကို နားမလည်ဘူး" ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ထိုသို့ပါဝင်ခြင်းမရှိဘဲ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ရတနာပုံတက္ကသိုလ် ကျောင်းသားအချို့နှင့် ဗ.က.သ အဖွဲ့တို့က ဧပြီလ ၂၈ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ၈၆ လမ်း၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြားရှိ တောင်ခွင်မင်းကြီးကျောင်းတိုက်၊ ပါဠိတက္ကသိုလ် ဝါဆိုကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"အဖြစ်မှန်သိအောင် ဒီနေ့ပွဲကို လုပ်တာပဲ။ ဘယ်သူပါတယ် မပါဘူးဆိုတာ သူတို့မှာ အထောက်အထားတွေ ရှိပါတယ်။ အစိုးရသတင်းတပ်ဖွဲ့တွေ ဒီလောက်မညံ့ပါဘူး။ အခုလိုလုပ်ရပ်ကို ဗ.က.သ အဖွဲ့ချုပ်အနေနဲ့ လုံးဝ ရှုတ်ချပါတယ်" ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုသို့ဖမ်းဆီးသွားမှုနှင့် ပတ်သက်၍ အုန်းချောနယ်မြေရဲစခန်းက "ဖမ်းဝရမ်းနဲ့ မြင်းခြံမြို့မ ရဲစခန်းက လာဖမ်းတာပါ။ ကျွန်တော်တို့ သွားခေါ်တာ ဟုတ်ပါတယ်။ အသေးစိတ်ကတော့ မြင်းခြံကို မေးပါ" ဟု ဧပြီ ၂၈ ရက်က တာဝန်ကျ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

မြင်းခြံမြို့ အမှတ် (၁) မြို့မ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ တာဝန်မှူးက "ကျွန်တော်တို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မသိပါဘူး။ စခန်းမှာ ဖမ်းထားတာလည်း မရှိပါဘူး" ဟု ပြောဆို၍ ဖုန်းချသွားခဲ့သည်။

သို့သော် မြင်းခြံစခန်းမှ တာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးကမူ "ဇင်ကိုသန့် စခန်းမှာ ဖမ်းထားတာ ရှိပါတယ်။ ဒီနေ့ ညနေပိုင်း မြင်းခြံထောင်ကို ပို့မှာပါ"ဟု မဇ္ဈိမကို အတည်ပြုပြောသည်။

မြင်းခြံမြို့ရှိ ဗ.က.သ အဖွဲ့ဝင်များကလည်း မြင်းခြံထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေကြပြီး အချို့မှာလည်း မြင်းခြံမြို့မစခန်း အနီးတွင် စောင့်ကြည့်နေမှုများ ပြုလုပ်နေသည်ဟု ကိုနိုင်ရဲဝေက ပြောသည်။

"ကျွန်တော်တို့ အဖွဲ့ဝင် အချင်းချင်းချိတ်ဆက်ပြီး စောင့်ကြည့်မှုတွေ လုပ်နေပါတယ်" ဟု ၎င်းက ဆက်လက်၍ ပြောသည်။

No comments: