Wednesday, April 29, 2015

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ စစ်တွေနာရီစင်မှ နာရီစက်ကိုဖြုတ်ပြီး ပြတိုက်တွင် ပြသထားမည်

နိရဉ္စရာ


ဗြိတိသျှတို့ တည်ဆောက်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ စစ်တွေမြို့မှ သမိုင်းဝင် နာရီစင်မှ နာရီစက်ကို ဖြုတ်ပြီး ပြတိုက်တွင် ပြသထားမည်ဟု သတင်း ရရှိသည်။

ထိုကဲ့သို့ ပြုလုပ်ရန် ရခိုင်ပြည်နယ် အစိုးရမှ စီစဉ်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှလည်း ရခိုင်ပြည်နယ်အစိုးရရုံး အဆောက်အဦး အစည်းအဝေးခန်းမဆောင် အမှတ် ၃ တွင် ဧပြီလ ၁၉ ရက်နေ့က စစ်တွေမြို့မိ မြို့ဖများနှင့် တွေ့ဆုံစဉ် ထိုသို့ အတည်ပြုကြားခဲ့သည်ဟု သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ “စစ်တွေမြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ နာရီစင်ကို ပြန်လည်ပြုပြင်တဲ့နေရာမှာ နဂိုရှိပြီးသား နာရီဟောင်း အပျက်ကို ဖြုတ်ယူပြီး ပြတိုက်မှာထားရှိမှာ ဖြစ်ပါတယ်။ နဂိုနေရာမှာ အဲဒီ နာရီနဲ့ ဆင်တူတဲ့ နာရီစက် တစ်လုံးကိုထားရှိပြီး နာရီထိုးတဲ့အခါ ရခိုင်ရိုးရာ ဂီတ တီးလုံး အသံမြည်အောင် ဖန်တီးပေးထားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေ ဒေသခံ ဆရာကြီး ဦးမောင်ဗသိန်းကမူ သမိုင်းဝင် ပစ္စည်းဖြစ်သဖြင့် နဂိုနေရာတွင် ထားရှိခြင်းက ပိုပြီး သင့်မြတ်ကြောင်း ပြောဆိုသည်။

“ ဒီနာရီစင်ကြီးက အင်္ဂလိပ်ကိုလိုနီခေတ် သင်္ကေတ တစ်ခု ဖြစ်ပါတယ်။ အဲဒီနာရီစင်က စက်ကို ပြတိုက်မှာထားတာထက် မူလအတိုင်းထားမယ်ဆိုရင် ပိုသင့်မြတ်ပါမယ်။ ရှေးဟောင်းသုတေသန သဘောအနေနဲ့လည်း နဂိုမူလ နေရာမှာပဲ ရှိရမယ်။ ဒါပေမယ့် ၀န်ကြီးချုပ်က ဘယ်လို ဆန္ဒ၊ ဘယ်လို စေတနာနဲ့ စီစဉ်တယ်ဆိုတာကို မသိရတဲ့ အတွက် မှန်းရခက်ပါတယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နာရီစင်မှာ နှစ် ၁၀၀ ကျော်သက်တမ်းရှိနေကာ ခရစ်သက္ကရာဇ် ၁၈၈၇ ခုနှစ်က တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။ ယင်းနာရီစင်အား အင်္ဂလန်ဝိတိုရိယဘုရင်မ၏ မွေးနေ့တွင် စစ်တွေမြို့အတွက် မွေးနေ့လက်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

နာရီစင်အား စစ်တွေမြို့အား တည်ထောင်ပြီး သည့် နှစ် ၆၁ နှစ်အကြာတွင် တည်ဆောက်ခဲ့သည်။ အင်္ဂလိပ်တို့သည် စစ်တွေမြို့ကို ၁၈၂၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ရှိ သမိုင်းဝင် နာရီစင်မှာ စစ်တွေမြို့၊ လမ်းမကြီး၊ အမှတ် ၁ ရဲစခန်းဝင်းအထဲတွင် တည်ရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာမည်ကြီး သမိုင်ဝင် နေရာများအား အဆင့်မြင့်တင်နေရာ ယင်းအထဲတွင် စစ်တွေ နာရီစင်သာမက စစ်တွေ ပွိုင့်ကမ်းခြေအားလည်းပါဝင်သည်။ စစ်တွေပွိုင့်ကမ်းခြေအား အဆင့်မြင့် အပန်းဖြေ နေရာ တစ်ခု အဖြစ် မြင့်တင်နေပြီး အကြီးစားပြုပြင် မွန်းမံမှုများ ပြုလုပ်နေကြောင်း သိရသည်။

No comments: