Thursday, April 30, 2015

ရပ်စောက်မြို့တွင် တရားမဝင် သစ်စက်များပြား၊ ဒေသခံများ စုပေါင်း တိုင်ကြား မှုကြောင့် သစ်ထုတ်လုပ်မှု ရပ်ဆိုင်း ထားရ

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် တရားမဝင် သစ်စက်များကြောင့် မတ်ခ်ျလ ၃၀ ရက်နေ့မှ စ၍ သစ်ထုတ်လုပ်မှု လုပ်ငန်း ရပ်ဆိုင်း ထား ခိုင်းခြင်း ခံရကြောင်း ဒေသခံများက ပြောသည်။

သစ်မှောင်ခိုထုတ်လုပ်မှုမှာ ယခုနှစ်အတွင်း အဆမတန်များပြားလာခြင်းကြောင့် ဒေသတွင်းလူထုက အချက်အလက်များကောက်ယူကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများထံ တိုင်တန်းခဲ့ကြပြီးနောက် ထိုသို့ ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ ရပ်စောက်မြို့နယ်ထဲမှာ သစ်စက်ပေါင်း ၂၀၀ ကျော်ရှိတယ်။ လိုင်စင်နဲ့ တရားဝင်ထုတ်လုပ်ခွင့်ရတဲ့ သစ်စက်ပေါင်း ၁၀ ကျော်ဘဲရှိတယ်။ အဲတာကြောင့် ပြန်လည်စီစစ်ပေးဖို့ တိုင်ကြားရတာဖြစ်တယ်။ ” ဟု ရပ်စောက်မြို့နယ် လူမှုရေးတက်ကြွ လှုပ်ရှား သူ ဦးစိန်ဝင်းထံကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းအား ရပ်စောက်မြို့ဆင်ခြေဖုံးရပ်ကွက်ရှိ သစ်စက်ပိုင်ရှင် ၁၅ ဦးခန့်က သစ်စက်များ ပြန်လည်လည်ပတ်ထုတ်လုပ်ခွင့်ရရှိရေးအတွက် ငွေကြေးဖြင့်လာရောက်ညှိနှိုင်း ဖူးကြောင်း ၎င်းကဤကဲ့သို့ ဆက်လက်ပြောပြသည်။

“ တရားမဝင်နည်းနဲ့သစ်ခိုးထုတ်နေကြတာကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြတာလောက်ဘဲ ကျနော်တို့ လုပ်နိုင်တယ်။ သစ်စက်တွေ လည်ပတ်ခြင်း မလည်ပတ်ခြင်းကိစ္စ ကျနော့်မှာ လုပ်ပိုင်ခွင့် မရှိပါဘူး။”

ပြီးခဲ့သည့်မတ်လ ၂၃ ရက်နေ့ကလည်း သစ်မှောင်ခိုကိစ္စနှင့်ပတ်သက်၍ ကုမ္မဏီတခုအား ဝင်ရောက် စစ်ဆေးရာ ကုမ္မဏီနှင့် ရဲအုပ်အဆင့်ရှိသူတဦးတို့အကြား ထိုးကြိတ်ရိုက်နှက် မှုရှိခဲ့သည်ဟုသိရသည်။

ရပ်စောက်မြို့နယ်တွင် သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ယခု ၂၀၁၅ ခုနှစ်အတွင်း နှစ်ကြိမ်ရှိဖူးပြီးဖြစ် သည်။ ယခင်နှစ်တွင်လည်း သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများရှိနေကြောင်း ရပ်စောက်မြို့နယ် စခန်းမှူး သက်နွယ်ဦးက ပြောခဲ့ဖူးသည်။

No comments: