Wednesday, April 29, 2015

မြေယာအမှု တိုင်တန်းရာတွင် ပြည်ထောင်စု ဝန်ကြီးဟု သုံးစွဲခြင်းမှု မလျော်သြဇာလွှမ်းမိုးနိုင်သဖြင့် တရားပြိုင် ကန့်ကွက်

စိုးသန်းလင်း

တစ်နိုင်ငံလုံးလှည့်ပြီး ပါးရိုက်လာသည်ဟု ကြွေးကြော်ခဲ့သူ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နေ ဒေသခံတောင်သူ ဒေါ်ယဉ်မြအား ယင်းပိုင် မြေလွတ်မြေရိုင်းတွင် ကျူးကျော်သည်ဟု တရားစွဲရာတွင် တရားလို၏ အလုပ်အကိုင်နေရာ၌ “ပြည်ထောင်စု ဝန်ကြီး” ဟု ဖော်ပြထားခြင်းမှာ တရားရုံးအပေါ် မလျော်သြဇာလွှမ်းမိုးမှု ဖြစ်စေနိုင်သဖြင့် ထိုစာသားကို ပြန်ဖြုတ်ပေးရန် တရားပြိုင်ဘက်က ကန့်ကွက်လွှာ တင်သွင်းထားသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။

"အဲဒီ အမှုဖြစ်တဲ့မြေမှာ အရင်နှစ်ပေါင်းများစွာတည်းက ဒေါ်ယဉ်မြက ၁၀ ဧက လောက်ကို ပဲတွေ ပြောင်းတွေ စိုက်တယ်၊ လူလည်းနေတယ်၊ ပြီးခဲ့တဲ့ လေးလက ဦးအုန်းမြင့်က ဒေါ်ယဉ်မြ စိုက်ပျိုး နေထိုင်တဲ့ မြေအပါအ၀င် ဧက ၂၀ ဟာ သူပိုင်တဲ့ မြေလွတ်မြေရိုင်းပါ၊ ဒေါ်ယဉ်မြက ကျူးကျော်တာပါလို့  ဒက္ခိဏသီရိ ဒုတိယခရိုင်တရားရုံးမှာ တရားမမှုနဲ့ တရားစွဲတယ်၊ တရားစွဲတဲ့ အဆိုလွှာမှာ တရားလိုနေရာမှာ ပြည်ထောင်စုဝန်ကြီးလို့  ဖော်ပြထားတာဟာ တရားရုံးအပေါ် မလျော်သြဇာ လွှမ်းဖို့ကြိုးစားတာဖြစ်လို့ ကန့်ကွက်လွှာ တင်ထားပါတယ်" ဟု တရားပြိုင်၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ဝန်ကြီး ဦးအုန်းမြင့်၏ တရားစွဲအဆိုလွှာတွင် ဒေါ်ယဉ်မြအား “မသမာသူများက မြှောက်ပင့်ပေးသဖြင့်” ဟုလည်း သုံးနှုန်းထားသေးရာ ထိုစာသားကိုပါ ဖြုတ်ပေးရန် တရားပြိုင်က ကန့်ကွက်ထားသည်။

ထိုသို့ တရားမမှု ဖြစ်ရခြင်းသည် သက်ဆိုင်ရာ မြေလွတ်မြေရိုင်း စီမံခန့် ခွဲရေးကော်မတီက ဝန်ကြီးအား မြေချမပေးမီ မဖြစ်မနေ ဆောင်ရွက်ရမည့် ကွင်းဆင်းစစ်ဆေးမှုများ မပြုလုပ်ခဲ့ခြင်း၊ မြေပေါ်တွင် လက်ရှိ နေထိုင် စိုက်ပျိုးသူများရှိ မရှိ၊ ရှိပါက ကန့် ကွက်လိုသူ ရှိ မရှိ စသည့် မြေသိမ်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မဆောင်ရွက်ခဲ့ခြင်းတို့ ကြောင့် ဖြစ်ကြောင်း နေပြည်တော် ပျဉ်းမနားမြို့ ရှိ တရားလွှတ်တော်ရှေ့ နေ ဦးခင်မောင်ညိုက ရှင်းပြသည်။

“မြေယာ စီမံခန့် ခွဲမှုကော်မတီတွေက ကွင်းဆင်းကြည့်ရမယ်၊ မြေသိမ်းမယ့်အကြောင်း အဲဒီမြေပေါ်မှာ ရှိနေသူတွေအားလုံးကို ကြေညာရမယ်၊ ကန့်ကွက်စရာရှိရင် ခုနစ်ရက်အတွင်း ကန့်ကွက်ပါလို့  ပြောရမယ်။ ပြီးရင် မြေစာရင်းဌာနက မြေဆင်းတိုင်းအပြီးမှာ မူလနေထိုင်သူတွေရဲ့ ကန့်ကွက်မှုတွေကို အမှုတွဲလုပ်ပြီး ပြည်ထဲရေးကို တင်ရမယ်၊ အဲဒီကမှ ကက်ဘိနက်ကိုတင်ပြီး အစိုးရအဖွဲ့ က မြေသိမ်း သင့်တယ် ဆုံးဖြတ်ပြီးမှ နိုင်ငံတော်ပြန်တမ်းမှာ ထည့်ရတာ၊ အခုက နေပြည်တော်မှာရော တစ်နိုင်ငံလုံးမှာပါ မြို့ နယ် မြေစာရင်းက ကွင်းမဆင်းဘဲ မမှန်မကန် တင်ပြခဲ့တာတွေကြောင့် ဒီပြဿနာတွေ ဖြစ်ရတာ” ဟု ပြောသည်။

ထိုသို့ ဖြစ်ပွားလာသည့် လယ်ယာမြေ ပြဿနာများတွင် တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးအဖွဲ့ ၏ သြဇာလွှမ်းမိုးမှုများ ရှိနေသည်ဟုလည်း ဦးခင်မောင်ညိုက ပြောသည်။

“အုပ်ချုပ်ရေးပိုင်းက စွဲတဲ့ မြေယာမှုတွေ အားလုံးက အထူးသဖြင့် နေပြည်တော်ကောင်စီက စွဲတဲ့ အမှုတွေမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိနေပါတယ်၊ ပြီးခဲ့တဲ့ ရက်ကပဲ ဇမ္ဗူသီရိမြို့ နယ် တောက်ထိန်ရွာသား လေးဦးကို စည်ပင်ကျူးဥပဒေနဲ့ ထောင်တစ်လစီချခဲ့တယ်၊ ဘိုးစဉ် ဘောင်ဆက်က နေထိုင်လာတဲ့ လူတွေကို ထောင်ချခဲ့တာ၊ ရွာမြေကို မြေသိမ်းဥပဒေနဲ့ အညီ ပြန်သိမ်းထားတယ်ဆိုတာ မပြနိုင်ဘဲ ထောင်ချခဲ့တာပါ၊ စည်ပင် ဥပဒေမှာ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ဆိုပြီး ပြစ်ဒဏ်ကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ ပြဋ္ဌာန်းထားပေမယ့် အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးတာကြောင့် ထောင်ဒဏ်တွေချည်းချခဲ့တယ်” ဟုလည်း ပြောဆိုခဲ့သည်။

သမ္မတ တိုက်ရိုက်အုပ်ချုပ်သော နေပြည်တော် ကောင်စီနယ်မြေတွင် တရားရုံးများအပေါ် အုပ်ချုပ်ရေး အဖွဲ့ ၏ မလျော် သြဇာလွှမ်းမိုးမှုများသည် အစိုးရသစ်သက်တမ်း လေးနှစ်ကျော်အတွင်း ထင်သာမြင်သာ ရှိလှကြောင်း ဒေသခံ တရားလွှတ်တော် ရှေ့နေတို့က သုံးသပ်ပြောကြားကြသည်။

No comments: