Wednesday, April 29, 2015

ကျောက်ဖြူတွင် စက်မှုလက်မှုသိပ္ပံ A.G.T.I ကျောင်းဖွင်

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်မှုလက်မှုကျောင်း ( A.G.T.I) ကျောင်းအား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်မှ စ၍ ပထမနှစ် ကျောင်းသားများကို လက်ခံသွားတော့မည်ဟု သိရသည်။

“ လောလောဆယ်တော့ ကျောက်ဖြူ သဗ္ဗာန်ချောင်းရပ်ကွက်မှာရှိတဲ့ အလက (၄) ကို စက်မှုလက်မှု ကျောင်းအဖြစ် အသုံးပြုသွားပါမယ်။ နောက် မှဘဲ ကျောင်းဆောက်မယ့် မြေနေရာ သတ်မှတ်ပြီး အဆောင်တွေဆောက်တော့မှ ရွှေ့ရမှာ ဖြစ်ပါတယ်။ ခုနှစ် ပညာသင်နှစ်မှာတော့ အလက (၄) ကိုဘဲ အသုံးပြုသွားမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျောက်ဖြူ စက်မှုလက်မှုကျောင်းတွင် (က) မြို့ပြအင်ဂျင်နီယာ (ခ) လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနှင့် (ဂ) သုတနည်းပညာများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ဒီပလိုမာ အောင်လက်မှတ်များ ပေးအပ်သွားမည်ဟု သိရသည်။

“ မြန်မာနိုင်ငံ အရပ်ရပ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။ အဓိကတော့ ဆယ်တန်း အောင်တုန်းက အင်္ဂလိပ်စာနဲ့ သင်္ချာရမှတ်အပေါ်မှာ မူတည် ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ ပါဝင်သော ဘာသာတွဲများဖြင့် အောင်မြင်သူ ဖြစ်ရမည်ဟု ပြောဆိုသည်။

ယခုအခါ ကျောက်ဖြူ စက်မှု လက်မှု ကျောင်းဖွင့်လှစ်နိုင်ရေး အတွက်ပြင်ဆင်မှုများ ပြုလုပ်နေပြီး အလက (၄) ရှိ ကျောင်းအသုံးအဆောင် ပစ္စည်းများကို အထက (၃) သို့ ပြောင်းရွှေ့လိုက်ပြီးဟု သိရသည်။

“ ကျွန်တော်တို့ ကျောက်ဖြူဒေသခံတွေကတော့ အလက (၄) ကို ယာယီအနဲ့ သုံးပေမယ့် ရေရှည် အတွက်တော့ စက်မှုလက်မှုကျောင်းကို သီးသန့် ဖြစ်စေချင်တယ်။ ဒါကြောင့်လဲ ကျောက်ဖြူက ၄ မိုင်ခန့်ဝေးတဲ့ ဘက်စုံ စိုက်ပျိုးရေးခြံမှာကျောင်းကို တည်ဆောက်ဖို့ ကျောက်ဖြူ မြို့မိမြို့ဖတွေက အကြံပြုထားပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးသန္တာမောင်မောင်က ပြောဆိုသည်။

ဒေသခံများ ကျောင်းတည်ဆောက်ရန် အကြံပြုထားသော ဘက်စုံ စိုက်ပျိုးရေးခြံမှာ အကျယ်အ၀န်း (၂၂) ဧက ရှိပြီး ယခုအခါ ၎င်းခြံကို ကျောက်ဖြူ အခြေစိုက် ခလရ (၃၄) မှာ သိမ်းယူထားပြီး မည်သည့် စီမံကိန်းမှ ပြုလုပ်၍ မရှိကြောင်း သိရသည်။

၂၀၁၄- ၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် လျှောက်ထားလိုသူကျောင်းသား ကျောင်းသူများ အနေဖြင့် မေလ ၃ ရက်နေ့ကို နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပြီး ၀င်ခွင့် လျှောက်လွှာများကို အစိုးရ စက်မှု လက်မှု သိပ္ပံ (ကျောက်ဖြူ) မှ ထုတ်ယူနိုင်ကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်၏ ဒုတိယ မြို့တော် ဖြစ်ပြီး အဆိုပါ မြို့တွင် ပညာရေးကောလိပ်လည်း တည်ရှိသည်။

No comments: