Wednesday, April 29, 2015

ရန်ကုန်တိုင်းရှိ မြန်မာ့မီးရထားပိုင် မြေနေရာတွင် စီးပွားရေး အဆောက်အအုံများ ဆောက်လုပ်ရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်

သီဟကိုကို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့မီးရထားပိုင် မြေနေရာများတွင် စီးပွားရေး အဆောက်အအုံများ အကောက်အထည်ဖော်ရန် ပြည်တွင်း ပြည်ပကုမ္ပဏီများ၊ ပြည်တွင်း-နိုင်ငံခြား ပူးပေါင်းထားသည့် ကုမ္ပဏီများကို မြန်မာ့မီးရထားက ဧပြီ ၂၅ ရက်တွင် တင်ဒါခေါ်ယူထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းမကြီးဘေးနှင့် ပုဇွန်တောင် ဘူတာဝင်း၊ အုတ်တံတိုင်းကြား၊ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းရှိ မြေဧရိယာ ၂ ဒသမ ၇၃ ဧကခန့်တွင် အဆောက်အအုံများ အကောင်အထည်ဖော်မည် ဖြစ်သည်။

မြန်မာ့မီးရထားပိုင် မြေပေါ်တွင် မြေနေရာ ငှားရမ်းပြီး ရထားလုပ်ငန်းနှင့် ဆက်စပ်သည့် ယာဉ်ရပ်နားရန် နေရာများ ပါဝင်သော စီးပွားရေး အဆောက်အအုံများကို BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် ပြည်တွင်း ပြည်ပကုမ္ပဏီများကို ဆောင်ရွက်ရန် လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်သည်။

အဆိုပါ မြေနေရာတွင် စီးပွားရေး အဆောက်အအုံများ ဆောင်ရွက်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာများကို ဧပြီ ၂၇ ရက်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို ဇူလိုင်လ ၂၇ ရက်တွင် နောက်ဆုံးထား တင်ပြရမည် ဖြစ်သည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနသည် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော် လျက်ရှိရာ အဆိုပါစီမံကိန်းအတွက် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများ စုဖွဲ့ထားသည့် ကုမ္ပဏီအုပ်စုနှစ်ခုမှ နောက်ဆုံးအဆင့် တင်ဒါအဆိုပြုလွှာ ပြန်လည်တင်ပြထားသည်။

No comments: