Thursday, April 30, 2015

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် ၁၉၆ ဘီလီယံကျော် လျာထား

သီဟကိုကို

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျပ် သန်းပေါင်း ၁၉၆,၇၈၁ (ကျပ် ၁၉၆ ဘီလီယံ) လျာထားသည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါဌာနမှ နေပြည်တော် ကောင်စီနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ရဒေသများ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လမ်း၊ တံတား၊ ရေ၊ မီး၊ ကျေးလက်အိမ်ရာနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ အကောင်အထည်ဖော်သွားရန်အတွက် ကျပ် ၁၉၆ ဘီလီယံကျော် သုံးစွဲရန် လျာထားခြင်း ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် စစ်ကိုင်းဒေသကြီးတွင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် ၂၆,၈၂၇ သန်း ဖြင့် အများဆုံး လျာထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကျပ်သန်း ၂,၀၀၀ ကျော် စီ သုံးစွဲရန် လျာထားသည်။

နေပြည်တောင်ကောင်စီနယ်မြေတွင် ကျပ်သန်း ၅,၇၀၀ ကျော်၊ ရန်ကုန်တိုင်းတွင် ကျပ်သန်း ၇,၇၀၀ ကျော်၊ မန္တလေးတိုင်တွင် ကျပ်သန်း နှစ်သောင်းကျော် သုံးစွဲရန်လျာထားပြီး ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေးပိုမိုသုံးစွဲ သွားမည်ဖြစ်သည်။

ထို့အတူ ပြည်နယ်များအနက် ရှမ်းပြည်နယ်၌ ကျပ်သန်း ၁၅,၀၀၀ ကျော်၊ ရခိုင်ပြည်နယ်၌ ကျပ်သန်း ၁၃,၀၀၀ ကျော်သုံးစွဲရန်လျာထားပြီး ဖွံ့ဖြိုးမှုနည်းပါးသည့် ချင်းပြည်နယ်၌ ကျပ်သန်း ၅,၀၀၀ ကျော်၊ ကယား ပြည်နယ်တွင် ကျပ်သန်း ၄,၅၀၀ ကျော် သုံးစွဲသွားမည်ဟု ထုတ်ပြန်ထားသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံတို့၏ ထောက်ပံ့ငွေများဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ရှည်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

No comments: